နေပြည်တော် ဒီဇင်ဘာ ၂၈
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ Public-Private Partnership နှင့် သက်ဆိုင်သောပုဂ္ဂိုလ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်း စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အားလုံး၏ပူးပေါင်းဆောင်ရွက်မှုသည် ပညာရေး အရည်အသွေးအတွက် အရေးကြီးပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀)သည် အမျိုးသားပညာရေးမ ဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ အဆက်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့အစည်း (OECD - Organisation for Economic Cooperation and Development) ၏ Future of Education and Skills 2030, OECD Learning Compass 2030 အစီရင်ခံစာ၊ ကမ္ဘာ့ဘဏ်၊ ယူနက်စကိုအစီရင်ခံစာတို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးနှင့် စက်မှုလက်မှုလုပ် ငန်းများမှာ ယှဉ်တွဲလျက်ရှိပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရာ၌ နှစ်ပေါင်းများစွာ အားနည်းခဲ့သဖြင့် အရည်အသွေးရှိသော ပညာရေးကိုဦးတည်၍ မည်သည့်ခွဲခြားမှုမျှမရှိဘဲ သင်ယူမှုအခွင့်အလမ်း ရရှိပြီး ကျောင်းသားကျောင်းသူများနှင့် သင်ယူသူများကို တစ်သက်တာသင်ယူမှု အခွင့်အလမ်း များရရှိစေရန်၊ လူသားကောင်းစိတ်ဓာတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူတာဝန်ခံတတ်မှုနှင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်မှုများ ရှိအောင် ဦးတည်အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် ပိုမို ရင်းနှီးမြှုပ်နှံခြင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြား သင်ယူမှုနည်းလမ်းများနှင့် စစ်ဆေးအကဲ ဖြတ်ခြင်းစနစ်တို့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး သုတေသနလုပ်ငန်းများကိုလည်း အားပေးခဲ့ပါကြောင်း၊ ကျောင်း-စက်မှုလုပ် ငန်းနှင့် အများပြည်သူ -ပုဂ္ဂလိကကဏ္ဍ မိတ်ဖက် ဆက်ဆံပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အလေးပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ဒေသများအား နည်းပညာ၊ ကွန်ပျူတာ ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ ခန်းသုံးပစ္စည်များကို နှစ်စဉ်ဦးစားပေး ပံ့ပိုးပေးခဲ့သော်လည်း သန့်စင်ခန်းများ၊ သောက်ရေ သုံးရေများ၊ အခြေခံအ ဆောက်အအုံများ၊ ဆရာများ ဖြည့်ဆည်းပေးရန် လိုအပ်လျက် ရှိနေပါကြောင်း၊ နှစ်စဉ်ပညာရေးအသုံးစရိတ်များကို တိုးမြှင့်သုံးစွဲနေသည့်အတွက် ပညာ ရေးဝန်ကြီးဌာနသည် မည်သည့် ပေးခြင်း/ယူခြင်းကိုမျှ လုံးဝခွင့်မပြုပါကြောင်း၊ အုပ်စုဖွဲ့၍ ကြီးနိုင်ငယ်ညှင်း ဆောင်ရွက်ခြင်းနှင့် ဘက်လိုက်ခြင်းများကို လုံးဝခွင့်မပြုပါကြောင်း၊ အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြားသော ဆန္ဒ၊ ဝီရိယ၊ တည်ငြိမ်မှု နှင့် ပညာဆိုသည်မှာ အင်မတန်အရေးကြီးပါကြောင်း၊ ရိုးသားမှု၊ ကြိုးစားမှု၊ တည်ငြိမ်မှုဖြင့် တစ်သက် တာသင်ယူလိုစိတ်ရှိစေရန်အခြေခံပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်္ဂလိပ်စာနှင့် အိုင်စီတီတတ်မြောက်မှုသည် သင်ယူရေးတွင် အရေးကြီးပါကြောင်း၊
အရည်အသွေးရှိသည့်ပညာရေးကို အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ စံသတ်မှတ်ချက်များ သေသေချာချာ ချမှတ်ဆောင်ရွက်ရတာ ဖြစ်ပါကြောင်း၊ အမျိုးသားပညာအရည် အချင်းမူဘောင်အရ မူလတန်းပြီးပါက Level-1 အဆင့်ဖြစ်၍ ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်မည်ဖြစ်ကြောင်းနှင့် ကျန်းမာ၍ အာဟာရပြည့်ဝပါက အရည်အသွေးရှိသော ပညာရေးကို တစ်သက်တာသင်ယူနိုင် ပါကြောင်း၊ အခြေခံပညာသင်ယူသူ တိုင်းကို အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်စေလိုပါကြောင်း၊ ယင်းမှာ SDG တွင် အရေးပါသော အညွှန်းကိန်းတစ်ခုဖြစ်ပြီး သတ်မှတ်အညွှန်းကိန်းပြည့်မီရန် အရေးကြီးပါ ကြောင်း၊ Level 1 မှ Level 8 အထိ မှန်မှန်ကန်ကန် သတ်မှတ်ရန်လိုပါကြောင်း၊ အလယ် တန်းပြီးပါက Level-2 ဖြစ်ပါကြောင်း၊ အထက်တန်းပြီးပါကလည်း Level-3 ပြီးခြင်းဖြစ်ပါ ကြောင်း၊ Level-3 ပြီးသည့်အခါတွင် Level-4 မှာ တစ်နှစ်နှင့် တစ်နှစ်တာအတွင်း သင်ယူရသည့် Short Cycle ကာလတို Certificate သင်တန်းများဖြစ်ပြီး ယင်းအဆင့်၌ တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက် ခွင့်မရှိသေးပါကြောင်း၊ Level-5 သည် ၁ နှစ် သို့မဟုတ် ၂ နှစ်အထိ တက်ရသည့် ဒီပလိုမာသင်တန်းများ သို့မဟုတ် အဆင့်မြင့်ဒီပလိုမာ သင်တန်းများ ဖြစ်ပါကြောင်း၊ Level-6 သည် ရိုးရိုးဘွဲ့ဖြစ်ပါကြောင်း၊ Level-7 သည် မဟာဘွဲ့ ဖြစ်ပါကြောင်း၊ Level-8 သည် ပါရဂူဘွဲ့ဖြစ်ပါ ကြောင်း၊ Level-3 ပြီးပါက Level-4 နှင့် Level-5 ကို ခုန်ပြီး Level-6 ကို တိုက်ရိုက်ဝင်ရောက်နိုင် ရန်အတွက် နိုင်ငံအသီးသီးရှိ စနစ်များကို လေ့လာပါက အင်္ဂလန်တွင် GCE A ဖြစ်ပါကြောင်း၊ USA မှာဆိုရင် SAT ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံများတွင် National Exam ဖြစ်ပါကြောင်း၊ စင်ကာပူနိုင်ငံတွင် Cambridge ၏ GCE A ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြစ်ပါကြောင်းနှင့် Level 6 အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ရန် အားလုံးအတွက် မျှတသည့် အရည်အချင်းစစ်ဆေးအကဲဖြတ်မှု ဖြစ်ပါကြောင်း၊ စာမေးပွဲရလဒ် တစ်ခုတည်း မဟုတ်ဘဲ Social Skill ၊ Personal Skill များကိုပါ စစ်ဆေးအကဲဖြတ်နိုင်ပါက ပိုမိုကောင်းမွန်ပါကြောင်း၊ Level-4 နှင့် Level-5 များကို နည်းပညာနှင့် သက်မွေးပညာကဏ္ဍနှင့် Open University များတွင် တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
တစ်သက်သာသင်ယူမှု အခွင့်အလမ်းများကို အများပြည်သူပိုင် ကျောင်းများနှင့်အဖွဲ့ အစည်းများ၊ ပုဂ္ဂလိပိုင်ကျောင်းများနှင့် အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ခေတ်နှင့်အညီပြောင်းလဲနေသော နည်းပညာများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရည်အသွေးရှိ ထုတ်ကုန်များ၊ အရည်အသွေးရှိ ဝန်ဆောင်မှုများနှင့် ရေရှည်ဖွံဖြိုးတိုးတက်မှုတို့ အတွက် High Level Skill ရှိရန်လိုအပ်ကြောင်း၊ သို့မှာသာ အလုပ်အကိုင်ကောင်းများရရှိမည် ဖြစ်ပြီး ဝင်ငွေမညီမျှမှု များကို လျော့ချနိုင်မည် ဖြစ်ကြောင်း၊ High Level Skill ရရှိရန် အရည်အသွေး ရှိသောပညာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူတိုင်းသည် လုပ်ငန်းခွင်မဝင်ခင်၌ Job Training ရှိရန် လိုအပ်ပါကြောင်းနှင့် သီအိုရီ၊ လက်တွေ့နှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိစေရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်ကြီး များအနေနှင့် ပုဂ္ဂလိကပိုင်အဖွဲ့အစည်းများ ထူထောင်၍ ကျောင်းပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့်ပညာနှင့် သုတေသနလုပ်ငန်းများကိုပါ လုပ်ဆောင်ပြီး မိမိလုပ်ငန်းအတွက် လိုအပ်သည့် ကျွမ်းကျင်မှုများရရှိအောင် တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများ ဖော်ဆောင် လုပ်ဆောင်ပေးရမည့် အချိန်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်မဝင်မီ အသိပညာနှင့် အတွေ့အကြုံများကို မျှဝေပေးရန်လိုအပ်ပါကြောင်း၊ ပြောင်းလဲတိုးတက်နေသော နည်းပညာများနှင့်အညီ လုပ်ငန်းခွင်ဝင်ရောက် သူများကို Reskilling, Upskilling များနှင့် Continuous Professional Development ရရန်အတွက် အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍတို့က ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါ ကြောင်း။
အခြေခံသုတေသန၊ အသုံးချသုတေသန၊ အများပြည်သူ-ပုဂ္ဂလိကကဏ္ဍ၊ တက္ကသိုလ်-စက်မှု လုပ်ငန်း မိတ်ဖက်ဆက်ဆံခြင်း၊ နည်းပညာ လွှဲပြောင်းမှုများနှင့် ဉာဏမူပိုင်ခွင့်များမှာ အရေးကြီးလာပါကြောင်း၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုတွင် High-Tech Learning နှင့် High-Touch Learning တို့ကိုပေါင်းစပ်၍ ပေါင်းစပ်သင်ယူမှု (Blended Learning) သည် အရေးကြီးပါကြောင်း၊ NQF မှ သတ်မှတ်ထားသော Level များကို လူတိုင်းမှန်ကန်စွာ ရွေးချယ်နိုင်ရေး ပညာရေးဝန်ကြီးဌာနက ရှင်းပြရန် တာဝန်ရှိပါကြောင်း၊ NQF အရ Level များကို တစ်ခုနှင့်တစ်ခု ကူးပြောင်းသင်ယူနိုင်သဖြင့် Credit Transfer System က အရေးကြီးပါကြောင်းနှင့် ထိုသို့သင်ယူနိုင်ရန် အရည်အသွေးအာ မခံမှုနှင့် အသိအမှတ်ပြုမှုမှာ အရေးကြီးပါကြောင်း၊ မိမိတို့ကျောင်း/အဖွဲ့အစည်များမှ မွေးထုတ်သည့် လူငယ်များ အလုပ်အကိုင် ကောင်းများရရှိရန် ပြည်တွင်းပြည်ပ အရည်အသွေးအာမခံသည့် အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အရည်အသွေးရှိပညာရေးကို အာမခံရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် အရည်အချင်းများဖြစ်သော အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှု၊ သဘောထား အမြင်များ၊ တန်ဖိုးထားမှုများ၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊ စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှုနှင့် တစ်ပါးသူကို စာနာပေးနိုင်မှုတို့ကို ရရှိနိုင်မည်ဖြစ်ကြောင်း။
NESP 2 သည် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် တိုင်းရင်းသားလူငယ်များအားလုံး၏ ကျွမ်းကျင်မှု အရည်အသွေးများကို မြှင့်တင် ဆောင်ရွက် ပေးမည့် မဟာဗျူဟာစီမံကိန်းဖြစ်ပါကြောင်း၊ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သည့် အရည်အသွေးရှိသော ပညာရေးစနစ်ဖော်ဆောင်ရန် အရေးကြီးပါကြောင်း၊ ယနေ့ညှိနှိုင်း အစည်းဝေးသည် တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက် မှုဖြစ်ပြီး အကြံဉာဏ်များ၊ ဆွေးနွေးချက်များကို ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ပြီး သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက် လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြ သည်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)တွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)၏ အောင်မြင်မှုများ နှင့် စိန်ခေါ်မှုများကဏ္ဍ၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရည်မှန်းချက် ပန်းတိုင်များကဏ္ဍ၊ စီးပွားရေး တိုးတက်မှု အတွက်ပညာရေး(၂၀၃၀)ကဏ္ဍ၊ အခြေခံပညာရေးကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေး၊ သုတေသနနှင့် ဆန်းသစ် တီထွင်မှုကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးမြှင့်တင်မှုနှင့် အရည်အသွေး အာမခံမှုကဏ္ဍတို့ကို ထည့်သွင်း ရေးဆွဲထားပြီး အခြေခံပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့် အဆင့်မြင့်ပညာကဏ္ဍအသီးသီးတွင် ကျောင်းဝင်ခွင့်အခွင့်အလမ်း၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ စစ်ဆေးအကဲဖြတ်မှု၊ စီမံခန့်ခွဲမှုနှင့် အရည်အသွေး အာမခံမှု၊ ဘဏ္ဍာငွေ၊ နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေး စသည့် ခေါင်းစဉ်များဖြင့် ထည့်သွင်းရေးဆွဲလျက် အရည်အသွေးရှိသောပညာရေးကို ဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)