Skip to main content

အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာကြီးကြပ် ညှိနှိုင်းရေး ကော်မတီ နဝမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု ဆိုင်ရာကြီးကြပ်ညှိနှိုင်းရေး ကော်မတီ၏ နဝမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ယစ်မျိုးလိုင်စင် ရယူဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အငယ်စား အသေးစား၊ အလတ်စား၊ အရက်ချက်စက်ရုံများနှင့် ဆွေးနွေးမှုများနှင့် ကော်မတီအဖွဲ့ဝင်များ၏ အကြံပြုချက်များအပေါ်အခြေခံ၍ အထက်ဌာနများသို့ တင်ပြသွားရန်နှင့် အရက်ချက်စက်ရုံများ၏ ထုတ်လုပ်မှုအလိုက် အငယ်စား၊ အသေးစား၊ အလတ်စားဟူ၍ အတန်းအစားခွဲခြားရေးကိစ္စ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ယစ်မျိုးလိုင်စင်ကြေး သတ်မှတ်ကောက်ခံမှုများကို ကွာဟချက် ကြီးမားမှုမရှိစေရေး သုံးသပ်တင်ပြရန်ကိစ္စ၊ မြန်မာနိုင်ငံယမကာ ဖြန့်ဖြူးထုတ်လုပ်သူများအသင်းမှ တင်ပြထားသော ဈေးကွက်အတွင်း နိုင်ငံခြားအရက်များ ရောင်းချမှုအခြေအနေနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ယမကာများအား အွန်လိုင်းဖြင့်ကြော်ငြာခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို တားမြစ်နိုင်ရေး ကိစ္စရပ်များကို ညွှန်ကြားချက်များထုတ်ပြန်နိုင်ရေးနှင့် ယမကာများ နိုင်ငံအတွင်းမှ ဖြတ်သန်းပို့ဆောင်မည့် Transit Trade နှင့်စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေး ပေးကြပါရန် ပြောကြားသည်။

ဆက်လက်၍ ကော်မတီဝင်များမှ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။    

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊  ဌာနဆိုင်ရာများမှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)