နေပြည်တော် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းတင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများက Online စနစ်ဖြင့် တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ယခုဆိုလျှင် မိမိတို့ဝန်ကြီးဌာနအောက်တွင် အစိုးရအဖွဲ့ရေးရာဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့အပြင် အခွန်အယူခံခုံအဖွဲ့ရုံးကိုပါ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်မှစ၍ ထပ်မံထည့်သွင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်သည် COVID-19 ရောဂါကြောင့် ဝန်ထမ်းများအားလုံးအတွက် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသည့် နှစ်လည်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို ယနေ့အချိန်ထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်နေရဆဲပင် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ COVID-19 ကပ်ရောဂါ ကာလအတွင်းတွင် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan - CERP)အရ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ခဲ့သည်မှာ ယခု စတုတ္ထအကြိမ်အထိဆိုပါက နိုင်ငံတော်ဘဏ္ဍာငွေမှ စုစုပေါင်းထောက်ပံ့မှု ငွေကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံအထိ ရှိခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ ရသင့်ရထိုက်သည့်သူများကို ထောက်ပံ့နိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရက မူများချမှတ်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
သို့သော် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခဲ့ရာတွင် တိုင်ကြားမှုနည်းပါးခဲ့သော်လည်း၊ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ချိန်တွင် တိုင်ကြားမှုများ ပိုမိုများပြားလာသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တိုင်ကြားစာဖြေရှင်းရေးဌာနများ ဖွင့်လှစ်ပြီး ဖြေရှင်းစိစစ်သည့်အခါတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဆိုသည့် သတ်မှတ်ချက်နှင့် မကိုက်ညီသော်လည်း COVID-19 ကပ်ရောဂါကာလရှည်ကြာလာ၍ အလုပ်အကိုင် အဆင်မပြေသည့် အိမ်ထောင်စုများ၊ ပြောင်းရွှေ့ လုပ်သားများနှင့် တစ်ဦးချင်း တင်ပြတောင်းဆိုသည့် တိုင်ကြားစာအရေအတွက်သည် ၉၀ ရာခိုင်နှုန်းနီးပါးရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။ အဆိုပါ ကိစ္စကို အမြန်ဆုံးပြီးပြတ်နိုင်ရေးအတွက် ကျန်ရှိသည့် တိုင်ကြားမှုများကို စိစစ်လျက်ရှိပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီကို တင်ပြပြီး အဆုံးအဖြတ်ခံယူနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း။
ယင်းသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များ၊ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan-CERP)ပါ လုပ်ငန်းစဉ်များအပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရသည့် ဝန်ကြီးဌာန ဝန်ထမ်းများ၏ တာဝန်သိစိတ်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့မှုများကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ကျေးဇူးအထူးပင်တင်ရှိသည် ကို ဦးစွာပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံအုပ်ချုပ်ရေးယန္တရား၏ အခြေခံကျောရိုးဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်း တာဝန် ထမ်းဆောင်စေခဲ့သည့် အချိန်ကစပြီး ပြည်သူကိုဗဟိုပြုသည့် အုပ်ချုပ်ရေးယန္တရား ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင် ရေးဆွဲပြီး အချိန်ဇယား Timeline သတ်မှတ်ကာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။
ယခုကဲ့သို့ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အချို့သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခဲ့သည့်အတွက် အတိုင်းအတာ တစ်ခုအထိ နှောင့်နှေးသွားခဲ့ရပါကြောင်း၊ သို့သော်လည်း ပြဋ္ဌာန်းချက်များ ပြုပြင်ပြောင်းလဲရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အချို့ကို နှောင့်နှေးခြင်းမရှိဘဲ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တချို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလက်စွဲများကို ပြင်ဆင်ခြင်း၊ ပြုစုခြင်း၊ ဖြန့်ဝေခြင်းများကို ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ထပ်မံပြီး ပြင်ဆင်ရေးဆွဲနေခြင်းများလည်း ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ဒုတိယအကြိမ်ပြင်ဆင်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထပ်မံပြင်ဆင်ထားသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်၊ ရပ်/ကျေး ဝန်ထမ်းများအနေဖြင့်သာမက ပြည်သူများပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရန် များစွာအရေးကြီးပါကြောင်း၊ သို့သော် ယင်းလုပ်ငန်းစဉ်များကို ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ ကြောင်း၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ အကြံပြုချက်များ အပေါ်တွင်မူတည်ပြီး ပြည်သူ့ဆန္ဒနှင့် ပိုမိုကိုက်ညီမည့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ ပထမအဆင့်ဖြစ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး လက်စွဲစာစောင်ကို ပြုစုဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နောင်ရွေးချယ်ခြင်းခံရမည့် အုပ်ချုပ်ရေးမှူးများကို လက်စွဲစာစောင်ပါ လုပ်ငန်းလမ်းညွှန်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ဆောင်ရွက်နိုင်ရန် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ခေတ်ကာလနှင့် လျော်ညီသည့် ချီးမြှင့် ထောက်ပံ့ငွေပေးနိုင်ရေးအတွက် တင်ပြဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးအပိုင်းတွင်လည်း ပြည်သူ့ဆက်ဆံရေး၊ မီဒီယာဆက်ဆံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများကို နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး Onlineစနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ထပ်မံ တင်ပြလိုသည်မှာ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို အဆင့်မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် ပို့ချပေးနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် “မူ”အားဖြင့် သဘောတူ ခွင့်ပြုချက်ရရှိထားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် One State One Township စီမံကိန်းအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များ ရှိသကဲ့သို့ COVID-19 ကာလအတွင်းတွင် အကောင်အထည်ဖော်မှု နှောင့်နှေးခဲ့ရသည့် မြို့နယ်များလည်း ရှိခဲ့ပါကြောင်း၊ ယင်းကိုလည်း ပြန်လည်ဆန်းစစ်နိုင်ရန်၊ အောင်မြင်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် မြို့နယ်အသစ်များ ထပ်မံရွေးချယ် ဆောင်ရွက်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေပါကြောင်း။
ထို့အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ဌာနဖြစ်သည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးနိုင်သည့် စံနမူနာပြဌာနဖြစ်ရန် လိုအပ်ပါကြောင်း၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းအားဖြင့် ဖြစ်ပေါ်နေသည့်ပြဿနာများကို အဖြေရှာနိုင်မည် ဖြစ်သကဲ့သို့ အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေဖော်ထုတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ခရိုင်/မြို့နယ်အဆင့်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ လုပ်ငန်း စွမ်းဆောင်ရည် ပိုမိုအားကောင်းလာစေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအား အထောက်အကူပြုပေးနိုင်ရန်အတွက် ပြင်ဆင်ရန်လိုအပ်သည့် ဖွဲ့စည်းပုံများနှင့် လုပ်ငန်း တာဝန်များကို ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ထမ်းများအားလုံး ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်ပြီး စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ရန်၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ပြီး လူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဂရုတစိုက်ဆောင်ရွက်ရန်၊ ပွင့်လင်းမြင်သာသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်ရေး ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ယနေ့(၂)နှစ်ပြည့်မှသည် နောင်ကာလများအထိ ပြည်သူ့အကျိုးကို စိတ်ရင်းစေတနာမှန်ဖြင့် ဝန်ဆောင်မှုပေးနိုင်သည့်၊ ပြည်သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နိုင်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ရပ်ဖြစ်လာရန် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ခဲ့သည့် အစိုးရအဖွဲ့ရေးရာ ဌာနကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးသိန်း ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံပံ့ပိုးကူညီ ဆောင်ရွက်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား ကူညီဆောင်ရွက်ခဲ့သည့် အခွန်အယူခံခုံအဖွဲ့ရုံးကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်လွင်အား လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသော နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် Covid-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား များကို ကြိုဆိုလက်ခံနေရာချထားရေး လုပ်ငန်းစဉ်များ စနစ်တကျ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပြီး အများပြည်သူသို့ သိရှိနိုင်စေရန်အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် နိုင်ခဲ့ခြင်း၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် နေ့စဉ်ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Electronic Document Management System (EDMS) ဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့အတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ်များနှင့် အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ)တို့တွင် ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ သား/သမီး များအား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခေတ်အဆက်ဆက် သမိုင်းအကျဉ်းချုပ် မှတ်တမ်းဗွီဒီယိုကို ကြည့်ရှုကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်