ဘားအံ ဒီဇင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အ.ထ.က သံလှယ်ကျောင်း၏ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်နှင့် ခန်းမဆောင် လွှဲပြောင်းပေးအပ်ပွဲနှင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သံလှယ်ကျေးရွာရှိ အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦငွေစိုးနှင့် ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လင်းတို့က ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်နှင့် ခန်းမဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမှတ်တမ်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်နှင့် ခန်းမဆောင် ပညာရေးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲနှင့်ဖွင့်ပွဲ အထိမ်းအမှတ်အလံများပေးအပ်ပြီး အထကသံလှယ်ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
သံလှယ်အထက်တန်းကျောင်း၏ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်နှင့်ခန်းမဆောင်(သဇင်ခန်းမဆောင်)ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူးညီမှု၊ သံလှယ်ရွာသူ၊ ရွာသားများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ အလှူရှင်၊ စေတနာရှင်များ၊ ဆရာ၊ဆရာမများနှင့် ကျေးရွာရန်ပုံငွေ ထည့်ဝင်ငွေ (၁၂၇,၃၁၈,၈၀ဝိ/-) တစ်ထောင်နှစ်ရာခုနှစ်ဆယ့်သုံးသိန်းတစ်သောင်းရှစ်ထောင်ရှစ်ရာကျပ်ဖြင့် (၁၄၀×၄၀)ပေ ၂ထပ် RC အမျိုးအစား အဆောက်အဦကို ဆောက်လုပ်ပြီးစီးခဲ့၍ ယနေ့ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)