Skip to main content

ကိုဗစ်နှင့်အတူ နေထိုင်ခြင်း

လူ့ဘောင်လောက သဘာဝအရ အနတ္တဟူသည့်သဘောသည် ရှိနေသည် ဖြစ်၏။ မိမိ၏ ကိုယ်ခန္ဓာ၊ မိမိ၏ စိတ်ခန္ဓာသည်ပင် မိမိ၏အလိုသို့ လိုက်သည်မဟုတ်။ မိမိ၏ သဘောအတိုင်း မဖြစ်။ မိမိ ပိုင်ဆိုင်သမျှကို မိမိက တည်မြဲစေချင်သလို တည်မြဲသည်မဟုတ်။ မိမိက ရှင်သန်နေစေချင်သလို ထာဝရရှင်သန်နေသည်မဟုတ်။ မိမိ၏ အလိုသဘောအတိုင်း မဖြစ်နိုင်သကဲ့သို့ မိမိ မလိုလားသည်ကိုလည်း လက်မခံလို့မရသည်များလည်း ရှိမည်သာဖြစ်၏။

ယခုဆိုလျှင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့မှုအန္တရာယ်က တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေလေရာ မိသားစုချင်းပင် တွေ့ချင်တိုင်း မတွေ့ရ၊ ဘုရားဖူးမသွားရ၊ အလည်အပတ်ခရီး မသွားရ၊ ဟိုဟိုသည်သည် ဘယ်မှမသွားရ၊ စားသောက်ဆိုင်တို့ပိတ်၊ ဟိုတယ်တို့ပိတ်၊ လေယာဉ်ခရီးစဉ်များပိတ်။

အပြင်မထွက်ရ၊ မထွက်မဖြစ် ထွက်ရလျှင် မျက်နှာဖုံးများ နှနှာခေါင်းစည်းများတပ်၊ လက်ကိုမကြာခဏဆေး စသည်ဖြင့် မိမိသဘော မိမိအလို အတိုင်းဖြစ်စေ၊ မိမိအလိုနှင့် မညီသည်ဖြစ်လျှင် အခြေအနေကတောင်းဆိုသည့်အတိုင်း ရှောင်ကြဉ်ရ၊ လိုက်နာရ၊ ကျင့်ကြံနေရ။ မိမိ၏ အလိုအတိုင်းချည်း မဖြစ်နိုင်သကဲ့သို့ မိမိ မလိုလားသည်ဟူ၍လည်း ရှောင်ချင်တိုင်း ရှောင်လွှဲလို့မရ။

သတိပြုရမည်မှာ ကိုဗစ်-၁၉ ရောဂါပိုးသည် လူအချင်းချင်း ကူးစက်သည့် ရောဂါပိုးဖြစ်၏။ ဗိုင်းရပ်စ်ပိုးကူးစက်ထားပြီး ဖြစ်သူကို အပေါ်ယံကြည့်ရုံမျှဖြင့် မသိနိုင်။ ပိုးကူးခံထားရသူတိုင်း ရောဂါ လက္ခဏာပြသည် မဟုတ်သည့်အတွက် မိမိနှင့်ဆုံသူတိုင်းတွင် ပိုးရှိနေသည်ဟု တွက်ဆထားရ၏။ ထို့ပြင် ယခု ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲမှုများ ရှိလာပြီဟု သိရ၏။ ပိုမိုကူးစက်ရန် လွယ်ကူလာသည့် ဗီဇပြောင်းလဲမှုဖြစ်၏။ ထို ဗိုင်းရပ်စ်ပိုးက နောင်တွင်လည်း ဆက်လက်ကာ ဗီဇပြောင်းလဲကာ ရှင်သန်နေဖွယ်ရှိ၏။

ဆိုလိုသည်မှာ လူအချင်းချင်း ကူးစက်ရန်လွယ်ကူသည့် ရာသီတုပ်ကွေးရောဂါကဲ့သို့ ဖြစ်လေ့ဖြစ်ထ၊ ကူးလေ့ကူးထရှိသည့် ရောဂါအဖြစ် ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိနေဖွယ် ရှိနေပါသည်။ ကာကွယ်ဆေးများ စတင်ပေါ်ပေါက်လာပြီဟု ဆိုသော်လည်း ထိုကာကွယ်ဆေးသည် အချိန်ကာလအားဖြင့် မည်မျှလောက် အကာအကွယ်ဖြစ်မည်ကို ယတိပြတ်မပြောနိုင်သေး။ ဆက်လက်၍ လေ့လာစမ်းသပ်မှုများ လိုအပ်နေဦးမည်။

ထို့ကြောင့် နိုင်ငံသားပြည်သူတို့သည် ထိုဗိုင်းရပ်စ်ပိုးနှင့်အတူ ရှင်သန်နေထိုင်ကြရမည့် အနေအထားဖြစ်ပါသည်။ ပုံမှန်လုပ်ကိုင်နေသည့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကအစ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လုပ်ဆောင်စရာအဝဝကို မိမိတို့ လုပ်မြဲအတိုင်း ပုံမှန်လုပ်ကိုင်နိုင်ကြရန် ကြိုးစားကြရမည် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ကိုဗစ်-၁၉ ရောဂါသည် ပုံစံအမျိုးမျိုး ဖြင့်ရှိနေနိုင်ပြီး မိမိတို့ထံ ကူးစက်နိုင်သည်။ မိမိတို့အနေဖြင့် ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ရောဂါပိုး မိမိကို မကူးစက်စေရန်၊ လူအများကြား ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရန်၊ ကူးစက်မှု နည်းပါးနိုင်သမျှ နည်းပါးစေရန် သတိဖြင့်နေကြရန်ဖြစ်ပါသည်။

အနှီ ကိုဗစ်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး ရောဂါပိုးကူးစက်နိုင်သည်မှာ အဓိကအားဖြင့် ပါးစပ်က တစ်ဆင့်သော်လည်းကောင်း၊ နှာခေါင်းက တစ်ဆင့်သော်လည်းကောင်း၊ မျက်လုံးကတစ်ဆင့်သော်လည်းကောင်း ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နိုင်၏။ ထိုကူးစက်နိုင်သည့် ဝင်ပေါက်များကို ကာကွယ်တားဆီးရန်လို၏။ အခြေခံနည်းလမ်းများဖြစ်သော ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်း၊ တစ်ဦးနှင့် ခပ်ခွာခွာ နေထိုင်လုပ်ကိုင် စကားပြောခြင်း၊ မျက်နှာ နှာခေါင်း ပါးစပ်တို့ကို လက်ဖြင့် မကိုင်တွယ်မိအောင်သတိဖြင့်နေခြင်း၊ လက်ကို မကြာခဏ ဆေးခြင်း၊ အချင်းချင်း ရောဂါပိုးနှင့် ပတ်သက်၍ သတိပေးနေခြင်း၊ အခါအားလျော်စွာထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို ဂရုပြုစောင့်ထိန်းခြင်း စသည်တို့ကို လိုက်နာကြရန် လိုပါသည်။

ဤသို့သောအားဖြင့် ကိုဗစ်ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရင်း ဘဝရပ်တည်ရေး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သွားကြရန် ဖြစ်ပါသတည်း။    ။