Skip to main content

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ် (၂၀) မြောက် သုတေသန ညီလာခံကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၁

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ် (၂၀) မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဤသုတေသန ညီလာခံကြီးကို ဒီဂျစ်တယ် နည်းပညာများ အကျိုးရှိထိရောက်စွာ အသုံးချ၍ ကျင်းပနိုင်ခဲ့ခြင်းဖြင့် ဆရာ ဆရာမများအား သုတေသနဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုအားပေးနိုင်မည်ဖြစ်ကာ အစိုးရနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတွင် ရေရှည်တည်တံ့ ခိုင်မြဲသော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု ပံ့ပိုးပါကြောင်း၊ မည်သည့်ခွဲခြားမှု မျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးနှင့် လူတိုင်းအကျုံးဝင်ရေးမူဝါဒများနှင့်အညီ အားလုံးပူးပေါင်းပါဝင်လျက် ယခုစာတမ်းဖတ်ပွဲကြီးတွင် ဝန်ကြီးဌာန ၆ ခုနှင့် တက္ကသိုလ်၊ ကောလိပ် ၆၁ ခုမှ သုတေသန နယ်ပယ် ၃၂ ခုတွင် စာတမ်းပေါင်း ၁၁၅၀ စောင် တင်သွင်းခဲ့ပါကြောင်း၊ စာတမ်းရှင်များကို လေ့လာကြည့်လျှင် ပါမောက္ခ ၄၇ ဦး (၅ ရာခိုင်နှုန်း)၊ တွဲဖက်ပါမောက္ခ ၁၉၆ ဦး (၂၂ ရာခိုင်နှုန်း)၊ ကထိက ၃၁၉ ဦး (၃၇ ရာခိုင်နှုန်း)၊ လက်ထောက် ကထိက ၁၀၁ ဦး (၁၁ ရာခိုင်နှုန်း)၊ နည်းပြ၊ သရုပ်ပြ ၃၅ ဦး (၄၁ ရာခိုင်နှုန်း) နှင့် အခြား ၁၆၄ ဦး (၁၉ ရာခိုင်နှုန်း) စုစုပေါင်း ၈၆၂ ဦး ပါဝင်တင်သွင်းခဲ့ကြပါကြောင်း။

ယခင်နှစ်များက တင်သွင်းခဲ့သော စာတမ်းအရေအတွက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၇ ခုနှစ် တွင် ၃၀၇ စောင်၊ ၂၀၁၈ ခုနှစ်တွင် ၄၅၅ စောင်၊ ၂၀၁၉ ခုနှစ်တွင် ၉၉၉ စောင်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ၈၆၂ စောင် တင်သွင်းခဲ့ပါကြောင်း၊ အရေးကြီးသည်မှာ သုတေသနစာတမ်း၏ မူရင်းဖြစ်မှုနှင့် အရည်အသွေးရှိမှု၊ အရည်အသွေးရှိသောသုတေသနများ၊ အရည်အသွေး ရှိသော သုတေသန ဆွေးနွေးပွဲများ၊ သုတေသနဆောင်းပါးများကို အားပေးရန်ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ တိုင်းရင်းသား ဒေသများကို ဦးစားပေးလျက် ပြည်ထောင်စုကြီး၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ကာ တက္ကသိုလ်များ၏ လွတ်လပ်စွာ စီမံခန့်ခွဲမှုလမ်းကြောင်းပေါ်သို့ တက္ကသိုလ်များ ရောက်ရှိရေးအတွက် တက္ကသိုလ်များ၏အရည် အသွေးကို မြှင့်တင်ပေးနိုင်ရန် သုတေသနစာတမ်းများက အထောက်အကူပြုစေလိုပါကြောင်း၊ ဤစာတမ်းများ ရေးသားတင်သွင်း ခြင်းအားဖြင့် စာတမ်းရှင်များအနေဖြင့် မိမိ၏သုတေသနကို ဆန်းသစ်တီထွင်မှုနှင့် ထိုးထွင်းကြံဆမှု အပြည့်ဖြင့် နိုင်ငံတော်နှင့် တက္ကသိုလ်များ၊ ကျောင်းသားများအတွက် မိမိ၏တာဝန်ကျေပွန်မှုကို မိမိ၏သုတေသနလုပ်ငန်း သက်သေဖြင့် ခိုင်မာစွာပြသ နိုင်ခြင်းပင်ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးအတွက် အကောင်းဆုံးဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကို အပြည့်အဝ အသုံးချနိုင်ခဲ့ သည်ဟု ယုံကြည်ပါကြောင်း။

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လထိ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသန စာတမ်းပေါင်း ၁၂၇၆၇ စောင်ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ Scimago သုတေသန ဂျာနယ် အဆင့်အတန်းများ သတ်မှတ်ရေးအဖွဲ့၏အဆိုအရ ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ မြန်မာနိုင်ငံ သုတေသနဂျာနယ်စာတမ်းပေါင်း ၁၆၄၉ စောင် ထွက်ရှိခဲ့သည်ဟု ဖော်ပြထားပါကြောင်း၊ ၂၀၁၆ ခုနှစ်မှစတင်၍ ပညာရေးဝန်ကြီးဌာနသည် အရည်အသွေးရှိသော ပြည်တွင်းပြည်ပ အသုံးချ သုတေသန ပိုမိုပြုစုထုတ်ဝေ နိုင်ရေးကို အားပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းပေါင်း ၂၂၁၅၇ စောင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ Sc imago သုတေသနဂျာနယ် အဆင့်အတန်းသတ်မှတ်ရေးအဖွဲ့၏ အဆိုအရ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ သုတေသန ပညာရှင်များက သုတေသနစာတမ်းပေါင်း ၂၁၄၀ စောင်ကို ထုတ်ဝေနိုင်ခဲ့သဖြင့် သုတေသနဂျာနယ်များတွင် ပါဝင်ရေးသားပြုစုခဲ့သော သုတေသန စာတမ်းအရေအတွက် တိုးမြင့်လာ ခဲ့သည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါရဂူကျမ်း အကောင်းဆုံးသုတေသန စာတမ်းဆုများ ချီးမြှင့်နိုင်မှုအခြေအနေကိုကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ပါရဂူကျမ်း ၂၅ စောင်အနက်ကို ၉ စောင်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ပါရဂူကျမ်း ၃၄ စောင်အနက် ၁၁ စောင်ကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ပါရဂူကျမ်း ၄၆ စောင်အနက် ၉ စောင်ကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် ပါရဂူကျမ်း ၃၃ စောင်အနက် ၁၀ စောင်ကိုလည်းကောင်း ချီးမြှင့်ခဲ့ပါကြောင်း။

လာအိုနိုင်ငံနှင့် တီမောလက်စ်နိုင်ငံများမှအပ အခြားနိုင်ငံအားလုံးသည် မြန်မာနိုင်ငံထက် သုတေသန အရည်အသွေးနှင့် အရေအတွက် သာလွန်နေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အာဆီယံနှင့် BIMSTEC ဒေသတွင်း နိုင်ငံအားလုံးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ၌ အမြောက်အများ ရင်းနှီးမြှုပ်နှံကြသဖြင့် ကမ္ဘာတွင် သုတေသန အားကောင်းကြ ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော် နှင့် ကမ္ဘာကြီးအတွက် အကောင်းဆုံးသုတေသနများကို တီထွင်ဆန်းသစ်မှုအပြည့်ဖြင့် ထိရောက် အကျိုးရှိစွာ ပုံဖော်နိုင်ရန်အတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အသိစိတ်ဓာတ်ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း၊ သုတေသနသည် တက္ကသိုလ်၏ အသက်ဖြစ်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် တက္ကသိုလ်များ၏ လွတ်လပ်သောစီမံခန့်ခွဲနိုင်မှုကို ပံ့ပိုးနိုင်ရေးအတွက် သုတေသနသည် လွန်စွာ အရေးကြီးပါကြောင်း။

သို့ဖြစ်ပါ၍ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် တက္ကသိုလ်များ၏ သုတေသနနှင့် ဆန်းသစ် တီထွင်မှု ကဏ္ဍ၌ အမြောက်အမြား ရင်းနှီးမြှုပ်နှံကြပါကြောင်း၊ ယေဘုယျအားဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိမှု၊ စက်ရုံ အလုပ်ရုံများနှင့် နည်းပညာ လွှဲပြောင်းမှု၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများအတွက် တက္ကသိုလ် သည် အရေကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း။

Artificial Intelligence (AI)၊ Robotics၊ Big Data၊ Cloud Computing၊ Internet of Things (IoT) ကဲ့သို့သော Automation Technology သည် လျှင်မြန်စွာ တိုးတက်လာနေပြီး ဒီဂျစ်တယ် စီးပွားရေး၊ လုပ်သားဈေးကွက်ပြောင်းလဲမှု၊ ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာ နေမှုကြောင့် သီအိုရီနှင့်လက်တွေ့ပေါင်းစပ်၍ သင်ယူလေ့လာရသော အရည်အသွေးရှိသည့် ပညာရေးကို ပိုင်ဆိုင်သည့် ကလေးများ၊ ကျောင်းသားများ၊ ဘဝတစ်သက်တာ သင်ယူသူများကသာလျှင် အဆင့်မြင့် ကျွမ်းကျင်မှုတို့ကို အသုံးချလျက် မညီမျှမှုများ ဆိုးဆိုးရွားရွား ကြီးထွားလာမှုကို တားဆီးနိုင်မည်ဖြစ်ကာ လူတိုင်းအတွက် သာယာဝပြောသောအနာဂတ်ကို ပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရပ် နယ်ပယ်တစ်ခုနှင့် သက်ဆိုင်သော (Disciplinary)၊ ပညာရပ် နယ်ပယ် တစ်ခုထက်ပိုသော ပေါင်းစပ်သင်ယူမှု ‌(Interdisciplinary) နှင့် တွေးခေါ်မှုကိုအားပေးသော ပညာဗဟုသုတ (Epistemic) တို့နှင့် သက်ဆိုင်သော ပညာရပ်နယ်ပယ်များကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ကွန်ပျူတာနှင့် IT နည်းပညာများ၊ ကျွမ်းကျင်မှုသစ်များ၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ ကောင်းသော သဘောထားအမြင်များနှင့် တန်ဖိုးများကိုလည်း ပျိုးထောင်မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှု များနှင့် စွမ်းဆောင်ရည်များကို ရရှိစေရန် အဆင့်မြင့် နည်းပညာဖြင့်လေ့လာမှု (High-Tech Learning) နှင့် ထိတွေ့သင်ယူမှု (High-Touch Learning) တို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ်သင်ယူမှု (Blended Learning) ကို ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဆန်းသစ်တီထွင်မှုအတွက် ပညာရေးကို နည်းပညာ၊ သက်မွေးပညာရေးနှင့် ချိတ်ဆက်လျက် တက္ကသိုလ်ပညာရေးသို့ ဦးတည်လျှောက်လမ်း သင်ယူလေ့လာခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ အရောက် လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို လေ့ကျင့်သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်း အားလုံးသည် တစ်သက်တာသင်ယူသူများ ဖြစ်လာစေရန် နည်းပညာအသုံးပြု၍ လေ့လာသင်ယူသွားရမည် ဖြစ်ပါကြောင်း၊ ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရန် တန်ဖိုးထားမှုနှင့် ကမ္ဘာ့လူသား ကောင်းများမွေးထုတ်ပေးရန် အရေးကြီးပါကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းနည်းလာ၍ ကျွမ်းကျင်မှုလိုအပ်သော အလုပ်အကိုင် သစ်များ ပေါ်ထွက်လာပါကြောင်း၊ သို့ဖြစ်၍ အနာဂတ်အလုပ်အကိုင် ကောင်းများရရှိရေးအတွက် ဆန်းသစ် တီထွင်သည့် သင်ကြားသင်ယူမှုနည်းလမ်း၊ ဆန်းသစ်သည့်စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ သဘောထား အမြင်များနှင့် ခေတ်မီ နည်းပညာများ အသုံးပြု၍ ၂၁ ရာစု ကျွမ်းကျင်မှုများကို လေ့ကျင့်ပျိုးထောင်ကာ လူတိုင်းစာတတ်မြောက်ရေး၊ အခြေခံသင်္ချာ တတ်မြောက်ရေး၊ သိပ္ပံနှင့် အိုင်စီတီ တတ်ကျွမ်းရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိစသည့် အခြေခံတတ်မြောက် မှုများကို ဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ စစ်ဆေး အကဲဖြတ်မှုသည်လည်း ကျွမ်းကျင်မှုနှင့် စွမ်းရည်များ ပြည့်ဝစေရန်၊ အထောက် အကူကောင်း ဖြစ်စေရန် လိုအပ်ပါကြောင်း။

သို့ရာတွင် သင်ယူတတ်မြောက်ရေးအတွက် အောင်မြင်စွာ မဆောင်ရွက်နိုင်ပါက သင်ယူလိုစိတ်ကို ဖျက်ဆီးတတ်သည်ကို အထူးသတိပြုရန် အရေးကြီးပါကြောင်း၊ သုတေသနနှင့် နည်းပညာ လွှဲပြောင်းမှုကို မြှင့်တင်ရန်အတွက် ကျောင်းများနှင့် စက်ရုံအလုပ်ရုံများ မိတ်ဖက်ဖွဲ့စည်းခြင်း (Schools and Industry Partnership – SIP) ကို အကောင်အထည် ဖော်ရန်ဖြစ် ပါကြောင်း၊ ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် နီးကပ်စွာ ပူးပေါင်းလျက် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ ရရှိစေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြု၍ သင်ကြားသင်ယူကာ အသုံးချ သုတေသနကို အားပေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အရည်အသွေးအာမခံမှု (Quality Assurance) အတွက် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ကော်မတီ (National Accreditation and Quality Assurance Committee – NAQAC) က ပြင်ပအကဲဖြတ်အဖွဲ့အဖြစ် ဆောင်ရွက်ကာ ပြန်လည်သုံးသပ် အကဲဖြတ်ခြင်းနှင့် အမျိုးသား ပညာရေး အဆင့်အတန်း သတ်မှတ်ခြင်းကို ဆောင်ရွက်ပေးရန်နှင့် ဖွဲ့စည်းပုံ၊ ပညာရပ်နယ်ပယ်နှင့် ဘဏ္ဍာငွေသုံးစွဲမှု၊ လူသားအရင်းအမြစ်များအား အရည်အသွေး မြှင့်တင်မှုတို့တွင် လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ကို တက္ကသိုလ်ပဋိညာဉ်စာ တမ်းနှင့်အညီ အားပေးဆောင်ရွက် ရန် အမျိုးသားပညာရေး မဟာဗျူဟာစီံမံကိန်း (၂၀၂၁-၂၀၃၀) တွင် ထည့်သွင်းထားပါကြောင်း၊  အရည်အသွေး ရှိသော စီးပွားရေးစနစ်၊ ဘဏ်လုပ်ငန်းစနစ်၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့တွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမြင့်ဆုံးအကျိုးအမြတ်ရရှိ စေနိုင်ရန်အတွက် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှု ကဏ္ဍတွင် ပုဂ္ဂလိကဏ္ဍပါဝင်မှုကို အားပေး ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ အကြိမ် (၂၀) မြောက် သုတေသန ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သုတေသနပညာရှင်များနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)