Skip to main content

မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၁၁

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Information Matrix ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်ကျင်းပသော မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိ ပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည (၈) နာရီအချိန်တွင် 7Day TV Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပမည်ဖြစ်သည်။

 

အဆိုပါ ရုပ်ရှင်ပဟေဠိပြိုင်ပွဲ အစီအစဉ်တွင် မြန်မာ့ရုပ်ရှင်ခေတ်ဦးမှ ယနေ့ကာလအထိ ဖြတ်သန်း ခဲ့သော ရုပ်ရှင်သမိုင်းကြောင်းများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ အနုပညာလှုပ်ရှားမှုများ၊ ရုပ်ရှင် ဇာတ်ကားများကို မေးခွန်းပေါင်း(၃၀)မေးမြန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းလူဦးရေ (၅၀၀) ခန့် တစ်ပြိုင်နက် ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်နိုင်မည့် ကွန်ပျုတာ Software အသုံးပြု၍ ဆောင်ရွက်မည်ဖြစ်သည်။

 

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် https://www.crowd.live/7DAYTV Link သို့ဝင်ရောက်ကာ အမြန်ဆုံး register လုပ်ထားရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များအား 7 Day TV Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

8 PM Quiz Night Show တွင် ပါဝင်ယှဉ်ပြိုင်သူများ၏ ရရှိသည့် အမှတ်များကို ကွန်ပျုတာ အသုံးပြု၍ စိစစ်ကာ  ပထမ၊ ဒုတိယ၊ တတိယဆုများအား ရွေးချယ်သွားမည်ဖြစ်ပြီး ပထမဆု ကျပ် (၅) သိန်းနှင့်  i Phone (၁) လုံး၊ ဒုတိယဆု ကျပ် (၃) သိန်းနှင့် တတိယဆု ကျပ် (၂) သိန်းတို့အား ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(FDC)