နေပြည်တော် ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်၌ အောက်တိုဘာ ၁၆ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာလက်ဝှေ့အားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။
ထိုသို့စခန်းသွင်းလေ့ကျင့်နေသည့် ရိုးရာလက်ဝှေ့အားကစားအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းတွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်၍ အားပေးစကားပြောကြားသည်။
အလားတူ မြိတ်မြို့နယ် အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများကိုကြည့်ရှုစစ်ဆေးပြီး မြိတ်မြို့နယ်အားကစားခန်းမ၌ကျင်းပသည့် ရိုးရာခြင်းအလှခတ်ပွဲယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး၍ ချီးမြှင့်ငွေကျပ် ၅ သိန်း ပေးအပ်သည်။
ထို့ပြင် မြိတ်ခရိုင် မြို့မအားကစားကွင်း ပတ်လည်ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအဆင့်မြှင့်တင် တည်ဆောက်ပြီးစီးမှု၊ မြိတ်မြို့ အားကစားကွင်းအသစ်ဆောက်လုပ်ရန်လျာထားသည့် မြေနေရာတွင် ဘောလုံးကွင်းတစ်ကွင်းနှင့် ပရိသတ် ၄၀၀၀ ဆံ့ ပွဲကြည့်စင်တည်ဆောက်ရန် မြေနေရာရှင်းလင်းခြင်း၊ အဝီစိတွင်းတူးဖော်ခြင်းနှင့် 50 KW On Grid Solar System တပ်ဆင်ခြင်းလုပ်ငန်း တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြည်ရေး၊ ရေလိုင်း၊ မီးလိုင်းစနစ်များ ကောင်းမွန်စေရေး မှာကြားသည်။
ဆက်လက်၍ မြိတ်မြို့ (DUNLOP TENNIS CLUB) တင်းနစ်အားကစားကွင်း၌ တင်းနစ်အားကစားအဖွဲ့အားတွေ့ဆုံပြီး သဟာယကြက်တောင်အားကစားရုံ၌ ကြက်တောင်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုကိုကြည့်ရှုအားပေး၍ အားကစားကွင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ စိတ်အပန်းဖြေအောင် လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုများကို ပြုလုပ်နိုင်ရန် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
