နေပြည်တော် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ရှိ အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) တွင် မန္တလေးငလျင်ကြီးကြောင့် စက်ရုံအဆောက်အအုံများ ပျက်စီးခဲ့သော်လည်း ရက်ကန်းစက်များနှင့် ဆက်စပ်ပစ္စည်းများကိုဆယ်တင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါစက်ရုံမှသိရသည်။
အဆိုပါစက်ရုံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် စက်ပစ္စည်းများအား ရွှေ့ပြောင်းတပ်ဆင်ထားရှိမှု၊ စက်ရုံရှိစက်ပစ္စည်းများပျက်စီးမှု လျော့နည်းစေရေးအတွက် ဆယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် ရွှေ့ပြောင်းတပ်ဆင်ထားသည့် ရက်ကန်းစက်များဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရေးအတွက် စက်တပ်ဆင်ခြင်း၊ ချိန်ညှိခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်းများကို စုဆောင်းထားရှိရန်၊ စက်ရုံပြန်လည်တည်ဆောက်ရေး ဆောင်ရွက်မည့်အစီအမံ၊ စက်ပစ္စည်းများအား ပြန်လည်ဆယ်တင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကို ရေးဆွဲဆောင်ရွက်ရန်၊ စက်ရုံရှိစက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုလျော့နည်းရေးအတွက် ဆယ်တင်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်မှာကြားသည်။
ထို့ပြင် မြစ်သားမြို့နယ်ရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) ၌ ဦးဆောင်ညွှန်ကြားရေးမှူး၊ ကျောက်ဆည်စက်မှုနယ်မြေရှိစက်ရုံမှူး၊ စက်ရုံတာဝန်ခံများ၊ အရာထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးများ၊ စီးပွားရေးရာကော်မတီအစည်းအဝေးများ၊ တွေ့ဆုံပွဲများတွင် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဝန်ကြီးဌာနများမှ အမှာစာများဖြင့် မှာယူထားသည့် ထုတ်ကုန်ပစ္စည်းများအား အချိန်မီထုတ်လုပ်ပေးရေး၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကိုမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
