တောင်ကြီး ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်၏ ရုံးခန်းမ၌ Video Conferencing စနစ် Online meeting ဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံကိန်းအကြောင်း မိတ်ဆက်ဆွေးနွေးကြမည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင် အားဖြည့်ပေး သည့်အနေဖြင့် ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီအစိုးရမှ အတိုးမဲ့နှစ်ရှည် ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့် မြန်မာနိုင်ငံတွင် လူထုဗဟိုပြုစီမံကိန်း (Community Driven Development- CDD Project)ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ စီမံကိန်း၏အောင်မြင် အကျိုးဖြစ်ထွန်းမှုများကြောင့် ယခုစီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် မြန်မာနိုင်ငံ အတွင်း မြို့နယ်ပေါင်း(၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်ရန် လျာထားသည့်နေရာတွင် ရှမ်းပြည်နယ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ်ကို ထပ်မံတိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းကို နမ့်ဆန်မြို့နယ်တွင် ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်ကစတင်ပြီး ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ စီမံကိန်းလုပ်ငန်းခွဲပေါင်း(၄၆၁)ခုကိုလည်းကောင်း၊ ဆီဆိုင်မြို့နယ်မှာ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်အတွင်း လုပ်ငန်းခွဲပေါင်း(၇၂၃)ခုကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်များ တွင် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် တတိယစက်ဝန်းအထိ လုပ်ငန်းခွဲပေါင်း(၄၂၁)ခုကို လည်းကောင်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လမ်း၊ တံတား၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံအဆောက်အဦ စီမံကိန်း လုပ်ငန်းခွဲစုစုပေါင်း(၁၆၀၅)ခုအား စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် စုစုပေါင်း(၁၄၄၈၆.၂၅)သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ငွေကျပ် စုစုပေါင်း(၁၁၅၁.၁၅)သန်း၊ စုစုပေါင်း ငွေကျပ်(၁၅၆၃၇.၄)သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ မြို့နယ်(၅)မြို့နယ်ရှိ ကျေးရွာအုပ်စု(၇၅)အုပ်စု၊ ကျေးရွာပေါင်း(၇၅၂)ရွာ၊ လူဦးရေ(၃)သိန်းကျော်ခန့်ဟာ စီမံကိန်းရဲ့ အသီးအပွင့်တွေကို ခံစားနိုင်ပြီ ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်မှ အမှာစကားပြောကြားပြီး ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်မှ မိတ်ဆက်စကားပြောကြားခြင်း၊ စီမံကိန်းအကြောင်းရှင်းလင်းခြင်းနှင့် အမေးအဖြေများပြုလုပ် ကြကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)