Skip to main content

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် ဩဂုတ် ၆

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပန်ကြားချက်များကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းလျာထားချက်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သက်ဆိုင်ရာဝန်ကြီးက တင်ပြပြီး အဆိုပါဖြည့်စွက် ခွင့်ပြုငွေစာရင်းလျာထားချက်အား ရေးရာကော်မတီများအလိုက် စိစစ်ဆောင်ရွက်ရန်နှင့် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီက ဆက်လက်ဆောင်ရွက်ရန် ကြေညာသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်က လွှတ်တော်သို့ တင်သွင်းပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီက သဘောထားတင်ပြရမည့်ရက်ကို သတ်မှတ်ကြေညာသည်။

ယင်းနောက် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)