လော့စ်အိန်ဂျလိစ် ဩဂုတ် ၆
မြန်မာဖိုက်တာ ဂျော့ရှုဝါဗန်နှင့် ဘရာဇီးလ်နိုင်ငံသား အလက်ဇန္ဒားပန်တိုဂျာတို့၏ မကျေပွဲကို UFC က တရားဝင်အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါပွဲကို လာမည့်စက်တင်ဘာ ၁၉ ရက်နေ့တွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတစ်ခုအဖြစ် ထည့်သွင်းထားကြောင်း ယူအက်ဖ်စီပရိုမိုးရှင်းက ထုတ်ပြန်ကြေညာသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဂျော့ရှုဝါဗန်နှင့် ပန်တိုဂျာတို့ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ကြပြီး ဂျော့ရှုဝါဗန်က ပထမအချီ စက္ကန့်ပိုင်းအတွင်း၌ပင် အလဲထိုးဖြင့်အနိုင်ယူကာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို စတင်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲကြီးတွင် တွဲဆိုင်း ၁၃ ဆိုင်း ပါဝင်ထိုးသတ်မည်ဖြစ်ရာ လိုက်ဝိတ်တန်းတွင် အာမေးနီးယားဖိုက်တာ အာမန်ဆာရုကယန်နှင့် ဘရာဇီးလ်ဖိုက်တာ မော်ရီစီယိုရူဖီ၊ အမေရိကန်မှ ဘရိုင်ယန်အော်တီဂါနှင့် ဘရာဇီးလ်မှ ရီနာတို မွိုင်ကာနိုတို့ ထိုးသတ်မည်ဖြစ်သည်။
ဖယ်သာဝိတ်တန်းတွင် ဘရာဇီးလ်ဝါရင့်ဖိုက်တာ ပက်ထရီစီယိုပစ်ဘားလ်နှင့် တောင်ကိုရီးယားဖိုက်တာ ဒူဟိုချွိုင်း၊ ဂျော်ဂျီယာဖိုက်တာ ဂီဂါချီကာဇီနှင့် ဘရာဇီးလ်ဖိုက်တာ ဂျိုအန်ဒါဆန် ဘရီတို၊ အမေရိကန်ဖိုက်တာ မိုက်ကယ် အက်စ်ဝဲလ်နှင့် တောင်ကိုရီးယားဖိုက်တာ ဂျူးဆန်းယူ၊ မစ်ဒယ်ဝိတ်တန်းတွင် အမေရိကန်မှ အက်ဒမန်ရှာဘတ်ဇယန်နှင့် ဘရာဇီးလ်မှ ဘရူနိုဖာရီရာ၊ ဘရာဇီးလ်ဖိုက်တာ ရိုင်ယန်ဂန်ဒရာနှင့် အမေရိကန်ဖိုက်တာ အိုဇီဒိုင်ယက်ဇ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
လိုက်ဟဲဗီးဝိတ်တန်းတွင် အမေရိကန်မှ အလွန်ဇို မင်နီဖီးလ်နှင့် ပိုလန်မှ အီဝို ဘာရန် နီယက်စကီး၊ ဟဲဗီးဝိတ်တန်းတွင် အမေရိကန်နိုင်ငံသားများဖြစ်ကြသည့် ဂေဘယ် စတီးဗက်ဆန်နှင့် ဆင်းရှာရက်ဖ်၊ ဩစတေးလျမှ တိုင်တူအီဗာဆာနှင့် ကျူးဘားမှ ရိုဘဲလစ် ဒက်စပါးနီ၊ ဘန်တမ်ဝိတ်တန်းတွင် အီကွေဒေါမှ မာလွန်ဗီရာနှင့် ကနေဒါမှ ချားလ်စ်ဂျော်ဒန်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
အမျိုးသမီး ဖလိုင်းဝိတ်တန်းတွင် ဩစတြေးလျဖိုက်တာ ကေစီအိုနီးလ်နှင့် ဘရာဇီးလ်ဖိုက်တာ အက်ဒူအာဒါ မူရာတို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
နေမျိုး ဓာတ်ပုံ-UFC
