ရန်ကုန် သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပမည့် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်အရောင်းပြပွဲ ၂၀၂၆ နှင့် ပတ်သက်၍ အရောင်းဆိုင်ရှင် Exhibitor များနှင့် စာနယ်ဇင်းမီဒီယာများ တွေ့ဆုံရှင်းလင်းပွဲကို ယမန်နေ့မွန်လွဲပိုင်းတွင် လှိုင်မြို့နယ် ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး (၁) ဦးသီဟန်သိန်းက ပြပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်ယဉ်ယဉ်မွှေးက ဒီဇိုင်းပြိုင်ပွဲကျင်းပခြင်းနှင့် ကံစမ်းမဲရွေးချယ် ပေးအပ်ခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ (၃) ဒေါ်မျိုးမျိုးသန့်က ဖိတ်ကြားရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ (၄) ဒေါ်မိုးမိုးရွှေက ပညာရပ်ဆိုင်ရာဟောပြောပွဲနှင့် ကျောက်မျက်ဓာတ်ခွဲခန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်အရောင်းပြပွဲတွင် မြန်မာ့ကျောက်မျက်ရတနာအချောထည် ကဏ္ဍကိုပြည်တွင်းမှ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက အသင်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ် ၆ ရက်မှ ၉ ရက်အထိ ကျင်းပသွာမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၅၀ ကျော်တို့ကခေတ်မီ ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၃၀ ကျော်တို့ဖြင့် ခင်းကျင်းပြသမည်ဖြစ်သည်။ ထို့ပြင် လူငယ်များအတွက် ကျောက်မျက်အကြောင်း သိကောင်းစရာစကားဝိုင်းများ ထည့်သွင်းသွားမည်ဖြစ်ပြီး ကျောက်မျက် လေလံပွဲများပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
