Skip to main content

လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့

ပုသိမ် ဩဂုတ်

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စု ရွာသစ်စုကျေးရွာဓမ္မာရုံနှင့် ခတ္တူကျေးရွာ ဦးဘစိုဓမ္မာရုံတို့ရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ၊ ရေသန့်နှင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်သည်။

ထိုသို့ သွားရောက်ထောက်ပံ့စဉ် ဒေသခံပြည်သူများ ဆက်သွယ်ရေးကွန်ရက်များ မပြတ်တောက်စေရေး၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံများအတွက်လိုအပ်သည့်စက်သုံးဆီများ ဖြည့်ဆည်းပေးနိုင်ရေး၊ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းများ အလွယ်တကူအားသွင်းနိုင်ရေးအတွက် ဆိုလာစနစ်နှင့် မီးစက်များ မောင်းနှင်ပေးနိုင်ရေးတို့ကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ရွာသစ်စုကျေးရွာဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ စတုမုခစေတီတော်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်း ကြည့်ရှုအားပေးသည်။

ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဦးစီး၍ လက်ရှိကမ်းရင်းတာ (တာဟောင်း) အား ရေတိုက်စားပြိုကျမှုမှ ကာကွယ်နိုင်ရန်အတွက် တာခြေထောက်ခြင်းလုပ်ငန်းများအဖြစ် Geo Bag ကမ်းထိန်းအိတ်များချခြင်း၊ မျောတုတ်တန်းကာ၍ သဲအိတ်ဖြည့်ခြင်း လုပ်ငန်းများ၊ ကမ်းရင်းတာ (တာဟောင်း) ပေ ၁၂၀ ရေဝင်ပေါက်အား ဘေးနှစ်ဖက်မျောတုတ်တန်းများရိုက်၍ သဲအိတ်များထည့်ကာ ရေစီးကြောင်းအရှိန်လျှော့ချရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်သောတိုင်းတာမှုလုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ထိုသို့ သွားရောက်ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစီးကြောင်းအရှိန်လျှော့ချရေးနှင့် ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရေးအတွက် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုအပ်သည့် သဲနှင့် ကျောက်များကို အနီးဆုံးနေရာများမှ သယ်ယူရရှိရေးနှင့် စက်ယန္တရားများ အမြန်ဆုံးရောက်ရှိရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)