မြစ်ကြီးနား ဩဂုတ် ၁
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူ များ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၃၁ ရက်က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နှင့် ကျွန်းပင်သာရပ်ကွက်တို့တွင် ပြုလုပ်သည်။
ဦးစွာ နံနက် ၉ နာရီခွဲတွင် လယ်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ဗက်လင်ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၌တွေ့ဆုံပြီး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ခေါင်းဆောင် ဦးတိန့်ဆောင်နှင့်ပညာရှင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာ ဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခုဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များ၊ ဒေသခံများ၏ အကျိုးအမြတ်၊ ခံစားခွင့်၊ စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် နည်းပညာဆိုင်ရာ ငလျင်နှင့်တမံကြီးများ၏ ကြံ့ခိုင်မှု၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ မြစ်ဆုံဆည်ပြီးစီးပါက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်သည့်အခြေအနေများနှင့် ဒေသခံပြည်သူများ၏အကျိုးအမြတ်ခံစားခွင့်များကို အပြန်အလှန်ဆွေးနွေးသည်။
အလားတူ မွန်းလွဲပိုင်းတွင်လည်း ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ ဦးဆောင် သည့်အဖွဲ့က မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်၊ ပရဟိတကျောင်း၌ ဧရာဝတီမြစ်ဆုံ - မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံရပ်ကွက်နေပြည်သူများနှင့် ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
