Skip to main content

ပဲခူးတိုင်းဒေသကြီး တင်ဒါလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး         ဒီဇင်ဘာ   ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက တင်ဒါလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးအတွင်း ပြည်ထောင်စုဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများရှိကြောင်း၊ တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ (/၂၀၁၇) ညွှန်ကြားချက်နှင့်အညီ မှန်မှန်ကန်ကန် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စိစစ်ရွေးချယ်ရန် အရေးကြီးကြောင်း၊ ကုမ္ပဏီများရွေး ချယ်ရာတွင်လည်း ယခင်လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများ ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်၍ အထူးသဖြင့် ပွင့်လင်းမြင်သာမှုရှိရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် လုပ်ငန်းစဉ်ဖြစ်ရန် အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သက်ဆိုင်ရာ တင်ဒါစိစစ်ရေးကော်မတီအလိုက် လုပ်ငန်းများစိစစ် ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းက တင်ဒါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက တင်ဒါရွေးချယ်ရာတွင် ဌာနအလိုက် ထည့်သွင်းစဉ်းစား စိစစ်ဆောင်ရွက်ရမည့် ကဏ္ဍများကို လည်းကောင်းအသီးသီး တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး (ပြန်/ဆက်)