နေပြည်တော် ဇူလိုင် ၃၁
မန္တလေး-ရန်ကုန် ခရီးစဉ်ပြေးဆွဲပေးလျက်ရှိသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူတရားခံ လယ်ဝေးမြို့နယ် ရန်ကင်းကျေးရွာနေ အောင်သက်ဦး (၁၅) နှစ် (ဘ) ဦးဝင်းဦးနှင့် ပြာသို (၁၄) နှစ် (ဘ) ဦးဝင်းကြိုင်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဧလာနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများကို ပြေးဆွဲပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ဧလာနှင့် သာဝတ္ထိဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြားအရောက် ရထားပြေးဆွဲနေစဉ် ရထားလမ်းအရှေ့ဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်းပါ ပထမတန်းတွဲအမှတ် (၄) DEMU(F)1001 နောက်ဆုံးတွဲ၏ ဝဲဘက်အပေါ်ခြမ်း ကိုယ်ထည်အား ထိမှန်၍ ဆေးပွန်းထိခိုက်မှုဖြစ်ပွားပြီး ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါဖြစ်ပွားရာနေရာသို့ ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်၍ တရားခံအား ဖမ်းဆီးဆောင်ရွက်ခဲ့ရာ ခဲဖြင့် ပစ်ပေါက်သူ လယ်ဝေးမြို့နယ် ရန်ကင်းကျေးရွာနေ တရားခံ အောင်သက်ဦး (၁၅) နှစ် (ဘ) ဦးဝင်းဦးနှင့် ပြာသို (၁၄) နှစ် (ဘ) ဦးဝင်း ကြိုင်တို့အား ဖမ်းဆီးရမိခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာဧလာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု (၁၂) မိနစ် ဖြစ်ပေါ်ခဲ့ပြီး အခြားရထားကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက် တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်း သိရပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန် လိုအပ်ကြောင်း သိရသည်။
သတင်းစဉ်
