Skip to main content

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၃

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၀) ကို ယနေ့မွန်းလွဲပိုင်းတွင်  ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်း ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး များဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း​ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊  ညွှန်ကြားရေးမှူး ချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌက လုပ်ငန်းကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ကိစ္စရပ်များကို ပုံမှန် ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှု ရှိခဲ့သည့်  ကဏ္ဍများမှ   စီးပွားရေး လုပ်ငန်းများအတွက်   ချေးငွေထုတ် ပေးရေးကိုလည်း ဆက်လက်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ပထမ အကြိမ်အဖြစ် လုပ်ငန်းပေါင်း ၃၃၉၄ ခု သို့ ငွေပမာဏ ငွေကျပ် ၁၀၁ ဒသမ ၉၂၈၃ ဘီလီယံကို  လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ်  လုပ်ငန်းပေါင်း ၂၉၃၉ ခုသို့ ချေးငွေကျပ် ၆၄ ဒသမ ၆၆၈၀ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊       လုပ်ငန်းကော်မတီသို့ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းကဏ္ဍနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက တင်ပြလာသည့် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် သက်ရောက် မှုများနှင့် ပတ်သက်၍ လုပ်ငန်း ကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ကြိုတင်တွက်ဆကာ ညှိနှိုင်းဆောင်ရွက် ပေးကြရန်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်နေသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများအပေါ် ဝန်ကြီးဌာနက   ပံ့ပိုးဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ ထုတ်ပေးထားသည့် ချေးငွေများအပေါ် ထိရောက်မှု ဆန်းစစ်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍လည်းကောင်း၊  အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို    လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာ အခြေအနေများ၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်   ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေရေးကြေးရေး ဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍  လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြ သည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက    ပြုစုရေးဆွဲ ထားသော   ကိုဗစ်-၁၉   ဆိုင်ရာ ခရီးသွား လုပ်ငန်းကုစားမှု အစီအစဉ်အရ “ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း မှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ် မြှင့်တင်ရေး ဆောင်ရွက်မည့် အစီ အစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီသို့  ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ ပေးပို့တင်ပြ လာသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်