မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုတွင် အဓိကအရေးပါသော အခန်းကဏ္ဍမှာပါဝင်နေသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန် လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် အရေးပါတဲ့ ကဏ္ဍမှာပါဝင်နေတဲ့ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေမှုကို စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဘယ်လိုအသုံးပြုပြီး ဆောင်ရွက်နိုင်သလဲဆိုတဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမယ့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်ကနေ ကြိုဆိုပါ တယ်။
ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးဝင်းထက်မောင်မောင်နဲ့ ဖန်တီးရာမှ စွန့်ဦးတီထွင်လုပ်ငန်းများနည်းပြ ဦးစိုးသီဟတို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။
ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုမှာ ဒစ်ဂျစ်တယ် ငွေပေးချေမှုက အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အတွက် ဒစ်ဂျစ်တယ်စနစ်နဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ငွေပေးချေမယ်ဆိုရင် အဓိက အရေးပါ ပုံတွေက ဘယ်လိုမျိုးတွေရှိနေမလဲဆိုတာကို ဦးဝင်းထက်မောင်မောင်က မျှဝေပေးပါဦး။
ဦးဝင်းထက်မောင်မောင် ။ ။ ပထမဆုံး ပြောချင်တာက မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ် Payment တွေကို စတင်ပြီး သုံးလာတာ မကြာသေးဘူး။ အရင်တုန်းက Cash Base Transitions ကို နှစ်တော်တော်ကြာ သွားခဲ့ပါတယ်။ ယနေ့တိုင်လည်း ဘဏ်တွေမရှိတဲ့ နေရာတွေမှာ Cash Base Transitions နဲ့ သွားလာနေတာက လက်ရှိအထိကို ရှိနေပါ တယ်။
ငွေစက္ကူကိုသုံးတဲ့ အလေ့အထတွေက အရင်ကနေ လုပ်လာတာ အခုထိကို လုံးဝမပျောက်မပျက်သေးဘဲ ကျန်နေသေးတဲ့ စနစ်တစ်ခုရှိပါတယ်။ နောက်တစ်ခုက တစ်နေရာနဲ့ တစ်နေရာကို ငွေလွှဲတဲ့နေရာတွေမှာ ဘဏ်ကိုမသုံးဘဲ အခြားကြားခံငွေလွှဲတဲ့စနစ်ကို အသုံးပြုမှု တွေက အများကြီးရှိနေပါသေးတယ်။
ဒီဟာတွေကို တောက်လျှောက်သုံးခဲ့တဲ့အခါမှာ အဓိက ပြဿနာအနေနဲ့ ငွေထုပ်ကြီးသယ်ပြီး ဘဏ်တွေ ကို သွားပေးရတယ်။ ငွေလွှဲပေးတဲ့နေရာတွေကို သယ်သွားပေးရတယ်။ ပြီးရင် ငွေကို Cash Counting ဆိုတာကို ဦးစားပေးပြီး လုပ်ပေးရတယ်။ ငွေပမာဏနည်းတယ်ဆိုရင် ပြဿနာမရှိပေမယ့်၊ ငွေပမာဏ သိန်းရာချီ၊ ထောင်ချီ ဖြစ်လာခဲ့ရင် Cash Counting က အများကြီး ပြဿနာရှိနိုင်ပါတယ်။
နောက်တစ်ခုက ဒီငွေတွေကို သယ်သွားတဲ့အခါ လမ်းမှာကြုံတွေ့နိုင်တဲ့ Risk တွေပေါ့နော်။ ဒီငွေစက္ကူ လျော့နည်းတဲ့ ကိစ္စရပ်တွေအပြင် လမ်းမှာ ဓားပြတိုက်ခံ ရတယ်၊ လုခံရတယ်ဆိုတဲ့ ပြဿနာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါတွေအားလုံးကို Digital Economy မှာ Digital Payment ကိုသုံးပြီး လွယ်ကူလျင်မြန်တိကျပြီး စိတ်ချရတဲ့ စနစ်တစ်ခုအနေနဲ့ အသုံးပြုနိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
နောက်တစ်ခုက ဒစ်ဂျစ်တယ်စနစ်ကို သုံးခြင်းဖြင့် ကျွန်တော်ပြောသွားခဲ့တဲ့ အခက်အခဲတွေ အများကြီးကို Digital Payment ကနေပြီး Solution တစ်ခုအနေနဲ့ ဖြေရှင်းနိုင်တယ်ဆိုတဲ့အခါ ခုနကပြောတဲ့ Payment ပုံစံမှာရော၊ အရောင်းအဝယ်မှာပါ၊ငွေကြေးဆုံးရှုံးမှုနဲ့ ပတ်သက်တဲ့ပြဿနာတွေ အများကြီး လျော့နည်း လာမယ့်အပြင် ဘဏ်ကိုသွားရတဲ့အချိန်တွေ သက်သာ လာမယ်။ ငွေကြေးဆုံးရှုံးမှုတွေ လျော့ကျလာမယ်။ ဒီအချိန်တွေကနေ တခြားလုပ်ငန်းအတွက် အချိန်တွေ ပိုထွက်လာမယ်။ နောက်တစ်ခုက သယ်ယူစရိတ်တွေ အပါအဝင် စရိတ်စကတွေကို လျှော့ချနိုင်မယ်။ နောက် အရေးကြီးတဲ့အချက်က နေရာဒေသမရွေး Digital Payment ကိုသုံးပြီး ငွေပေးချေမှုတွေ ပြုလုပ်လာနိုင် တယ်ဆိုတဲ့ အားသာချက်တွေ အများကြီးရှိတဲ့အခါ Digital Payment က ဒစ်ဂျစ်တယ် စီးပွားရေးအတွက် ကို အများကြီး အထောက်အပံ့ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
အစီအစဉ်မှူး ။ ။ အခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုအနေအထားတွေက ဘယ်လိုပုံစံမျိုးတွေ ဖြစ်နေလဲဆိုတာကို သုံးသပ် ပြောကြားပေးပါဦး။
ဦးစိုးသီဟ ။ ။ အခုအနေအထားဆိုရင် မြန်မာနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းလောက်က ဘဏ်အကောင့်မရှိသေးဘူး။ Unbanked Populations ဖြစ်ပါတယ်။ ငွေပေးချေကတ်တွေ သုံးတာကလည်း ၁၀ ရာခိုင်နှုန်း အောက်မှာ ရှိနေပါတယ်။ ငွေစက္ကူအပြင် တခြား ဒစ်ဂျစ်တယ်နည်းစနစ်နဲ့ ဘယ်လိုငွေပေးချေလို့ရလဲဆိုတော့ ဘဏ်အကောင့်ရှိတယ်ဆိုရင် Mobile Banking စနစ်တွေနဲ့ သုံးလို့ရပါတယ်။
ဘဏ်အကောင့်ရှိတယ်ဆိုရင်လည်း ဘဏ်ကတ်စနစ် ဖြစ်တဲ့ MPU လို ကတ်စနစ်တွေ သုံးလို့ရပါတယ်။ အခု နောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာတဲ့ Digital Payment, Digital Wallet တွေ ကို အသုံးပြုလို့ရပါတယ်။ ဒစ်ဂျစ်တယ် ငွေပေးချေစနစ်က တခြားနိုင်ငံနဲ့ ယှဉ်မယ် ဆိုရင် နည်းနေပေမယ့် ဒီနှစ်ပိုင်းအတွင်းမှာ အရှိန်အဟုန်နဲ့ အများကြီး တိုးတက်လာပါတယ်။ အထူးသဖြင့် ကိုဗစ်ကာလမှာ Digital Payment ဘက်ကို ပိုမိုအသုံးပြုလာတာ တွေ့ရှိ ရပါတယ်။ e-Commerce လုပ်ငန်းတွေဆိုရင် ကိုဗစ် ကာလမှာ သုံးဆလောက်အထိ တက်လာတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။
ဒီလိုမျိုး e-Commerce နဲ့ အရောင်းအဝယ်လုပ်တဲ့အခါမှာ ဒစ်ဂျစ်တယ်စနစ်ကို သုံးလာတဲ့ ရာခိုင်နှုန်းတွေက တက်လာပါတယ်။ အခုအနေအထားအရ အများကြီး ဖြစ်ထွန်းလာဖို့ လိုပါသေးတယ်။ အဓိက အကြောင်းအရင်း တွေကို ကျွန်တော့်အနေနဲ့ သုံးသပ်ကြည့်တဲ့အခါ အလေ့အကျင့်နဲ့ အလေ့အထ မရှိသေးတာ၊ နောက်တစ်ခု ကိုယ်က ဒစ်ဂျစ်တယ်ငွေပေးချေစနစ်ကိုသုံးမယ်၊ ဒါပေမယ့် ဆိုင်တွေက လက်မခံရင် ဘယ်လိုလုပ်မလဲ သို့မဟုတ် ဆိုင်တွေက လက်ခံတယ်၊ သုံးတဲ့အချိန်မှာ အဆင်မပြေမှုဖြစ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဒီလိုစိုးရိမ်မှုလေးတွေ ရှိပါတယ်။
ဒါပေမယ့် ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ပိုင်းတွေမှာ ဒါတွေက သိသိသာသာကို တိုးတက်လာတာ တွေ့ရှိရပါ တယ်။ အလေ့အကျင့် မရှိသေးတာကို ဘယ်လိုလုပ်ဆောင် လို့ရလဲ၊ ဒါကို သုံးစွဲသူတွေအနေနဲ့ Digital Payment Account တွေ ဖွင့်ကြည့်ပြီး သုံးကြည့်ဖို့နဲ့ အများကြီးလွယ်ကူ တယ်ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်။
အစီအစဉ်မှူး ။ ။ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေမှု အသုံးပြုဖို့အတွက် အကောင့်တစ်ခု ဖွင့်မယ်ဆိုရင် အဆင့်ဆင့် ဘယ်လိုမျိုးဖွင့်ရသလဲဆိုတာကို ဗဟုသုတ အနေနဲ့ မျှဝေပေးပါဦး။
ဦးစိုးသီဟ ။ ။ Mobile Payment Account တစ်ခု ဖွင့်ဖို့ဆိုရင် ဘဏ်အကောင့်ရှိစရာ လိုလားဆိုတော့ မလိုပါဘူး။ ဘဏ်ကို သွားစရာလိုလား ဆိုရင် မလိုပါဘူး။ ကိုယ့်ရဲ့ ဖုန်းထဲမှာပဲ Application သုံးပြီး အဲဒီထဲကနေ အကောင့်ကို ဖုန်းနဲ့လွယ်လွယ်ကူကူ မိနစ်ပိုင်းအတွင်း ဖွင့်လို့ရပါတယ်။
ဒီလိုဖွင့်တဲ့အခါ ကိုယ့်ရဲ့ ဖုန်းနံပါတ်က အဓိက ဖြစ်ပါတယ်။ အဲဒီလို ဖုန်းနံပါတ်နဲ့ ဖွင့်ပြီးသွားရင် တခြားလိုအပ်တဲ့ အချက်အလက်တွေက ကိုယ့်ရဲ့နာမည်၊ မှတ်ပုံတင် နံပါတ်၊ နေရပ်လိပ်စာ ဒါတွေအပြင် နောက်ထပ်လိုတာတွေက ကိုယ့်မှတ်ပုံတင်ရဲ့ အရှေ့နဲ့အနောက်ကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်ပြီးပေးလိုက်လို့ ရပါတယ်။ ပြီးတော့မှ ကိုယ့်ရဲ့မျက်နှာနဲ့ မှတ်ပုံတင်ကို ဓာတ်ပုံတွဲရိုက်ပြီး တင်ပေး ရပါတယ်။ အဓိက မှတ်ပုံတင်အချက်အလက်တင်ပေးရ တာသည် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင်ရယ်၊ လုံခြုံရေးအတွက်ကြောင့်ပါ။ ဒီဟာတွေ တင်ပေးလိုက်တယ်ဆိုရင် စစ်ဆေးတယ်။ စစ်ဆေးပြီးသွားရင် ပိုပြီး သုံးလို့ရတဲ့ Limit တွေကို သူတို့က မြှင့်တင်ပေးလိုက်ပါတယ်။
နောက်ပိုင်းမှာ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး ကန့်သတ်ထားတဲ့ ငွေကြေးပမာဏ ဘယ်လောက်လောက် ကို ဒီအကောင့်ထဲမှာ သိမ်းထားလို့ရမယ်၊ တစ်ရက်ကို သုံးစွဲလို့ရမယ့် ငွေကြေးပမာဏ Limit တွေကို တင်ပေး ပါတယ်။ ဒါက နောက်ပိုင်းဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး တင်လို့ ရပါတယ်။
ကိုယ့်ရဲ့အကောင့်ထဲမှာ ပိုက်ဆံမရှိသေးဘူး။ ဒါပေမယ့် တခြားသူက ငွေလွှဲတာတွေကိုစပြီး လက်ခံနေလို့ ရနေ ပါပြီ။ ဒါပေမယ့် ကိုယ့်အကောင့်ထဲမှာလည်း ပိုက်ဆံ ထည့်ပြီး သုံးစွဲချင်တယ်ဆိုရင် ပိုက်ဆံထည့်လို့ရပါတယ်။ အဲဒီလို ထည့်ဖို့ဆိုရင် နည်းလမ်းအများကြီးရှိပါတယ်။ အေးဂျင့်တွေကနေတစ်ဆင့် ထည့်လို့ရပါတယ်။ ခုနတုန်း က Application ထဲမှာပဲ ကိုယ့်ရဲ့ အနီးအနားမှာ ဘယ် အေးဂျင့်တွေရှိလဲဆိုတာကို ရှာဖွေလို့ရပါတယ်။ အေးဂျင့် တွေဆိုတဲ့အခါမှာလည်း တကယ်တော့ အခုကုန်စုံဆိုင်တွေ ရှိမယ်၊ ဖုန်းဆိုင်တွေရှိမယ် အစရှိသဖြင့် ဒီလိုမျိုးဆိုင်တွေ က အေးဂျင့်ယူပြီး ငွေသွင်း/ ငွေထုတ်ကို ဝန်ဆောင်မှုပေး နေပါတယ်။ ကိုယ့်အနီးအနားမှာပဲ ဒီအေးဂျင့်တွေကို Application က တစ်ဆင့် ရှာဖွေလို့ရပါတယ်။
တခြားနည်းတွေက ကိုယ့်ရဲ့ ဘဏ်အကောင့်ရှိတယ် ဆိုရင်လည်း ဘဏ်အကောင့်နဲ့ ချိတ်ဆက်လို့ ရပါတယ်။ တခြား MPU စနစ်ရှိတဲ့ ဘဏ်ကတ်တွေကို သုံးပြီး ကိုယ့်ရဲ့ အကောင့်ထဲမှာကို ငွေဖြည့်လို့ရပါပြီ။ ဒါဆိုရင် ဒီ Mobile Wallet က စတင်သုံးစွဲလို့ရပြီ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ဒစ်ဂျစ်တယ် ငွေပေးချေမှုက ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုမှာ အရေးပါ တဲ့ကဏ္ဍမှာ ပါဝင်နေတယ်ဆိုတော့ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေအသုံးပြုမယ်ဆိုရင် ရရှိလာတဲ့ ဝန်ဆောင်မှုတွေက ဘယ်လိုမျိုး အချိန်တိုအတွင်းမှာ လျင်မြန်အောင် ဆောင်ရွက်နိုင်သလဲဆိုတာကို ရှင်းပြပေးပါဦး။
ဦးဝင်းထက်မောင်မောင် ။ ။ ခုနက ကိုစိုးသီဟ ပြောသွားသလိုပဲ Mobile Account တစ်ခုဖွင့်ရတာ လွယ်ကူပါတယ်။ လွယ်ကူတဲ့ အခါမှာ သုံးစွဲဖို့အတွက်ကိုလည်း Mobile Account ထဲမှာ ဘာတွေသုံးလို့ရတယ်ဆိုတာက အများကြီးရှိပါတယ်။ အဓိကအားဖြင့် QR Code စနစ်ကိုသုံးပြီး ငွေတွေပေးလို့ ရတယ်၊ လွှဲလို့ရတယ်၊ လက်ခံလို့ရတယ် သို့မဟုတ် ဖုန်းနံပါတ်ကို အသုံးပြုပြီး ငွေလွှဲတာ၊ ငွေလက်ခံတာ လုပ်လို့ရတယ်။ ဒါကကိုယ့်ရဲ့ မိတ်ဆွေအချင်းချင်း သို့မဟုတ် ပေးစရာရှိ၊ ရစရာရှိဆိုတဲ့ ငွေတွေနဲ့ ပတ်သက်ပြီး Mobile Account ထဲမှာ သုံးလို့ရပါတယ်။
နောက်တစ်ခုက Online Payment အနေနဲ့ ပေးလို့ ရတာတွေက အများကြီးပါ။ အဓိကအားဖြင့် Online Payment ထဲမှာ တော်တော်များများက Service တွေရော၊ Product တွေရော အကုန်လုံးဝယ်လို့ရပါတယ်။ Service ဆိုရင် IT နဲ့ ပတ်သက်တာတွေ၊ အစားအသောက်နဲ့ ပတ်သက်တာတွေ၊ Online Shopping နဲ့ ပတ်သက်တာတွေ၊ ဖုန်းဘေလ် ဖြည့်သွင်းတာတွေ ဒါတွေအကုန်လုံးကို သုံးလို့ရပါတယ်။
ဒါ့အပြင် ပညာရေးမှာဆိုရင် ကျောင်းတွေနဲ့ပတ်သက်တဲ့ သင်တန်းကြေးတွေ ပေးသွင်းလို့ရမယ်။ အခု နောက်ပိုင်းခေတ်စားလာတဲ့ အာမခံလုပ်ငန်းနဲ့ပတ်သက် တဲ့ ပရီမီယံကြေးတွေ ပေးသွင်းလို့ရမယ်။ နောက်ပြီး ငွေကြေးနဲ့သက်ဆိုင်တဲ့ Payment တွေ လုပ်လို့ရမယ်။ နောက်တစ်ခုက ခရီးသွားလာတဲ့အခါ လေယာဉ်နဲ့ ပတ်သက်တဲ့ လေယာဉ်လက်မှတ်တွေ၊ ဘတ်စ်ကား လက်မှတ်တွေ၊ ဒါတွေအကုန်လုံးကို ဒီအထဲကနေပြီး တစ်ခါတည်း ဘယ်မှသွားစရာမလိုဘဲနဲ့ ကိုယ့်အိမ်မှာပဲ Mobile Account ကို အသုံးပြုလို့ရပါတယ်။
အခုနောက်ပိုင်း Bill Payment အနေနဲ့ဆိုရင် အင်တာနက်၊ ဖုန်းနဲ့ ရုပ်သံလိုင်းဝန်ဆောင်ခ Bill တွေကို ပေးလို့ရပါတယ်။ အစိုးရအနေနဲ့ Digital Payment ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေတစ်ဆင့် ဖြည်းဖြည်း ချင်းပြောင်းနေတယ်ဆိုတာ တွေ့ရပါတယ်။ အထူးသဖြင့် လက်ရှိ လျှပ်စစ်မီတာခ ဆောင်ရာမှာ Mobile Payment ကို အသုံးပြုပြီး ပေးဆောင်လို့ ရပါတယ်။ YCDC ကို ပေးရတဲ့အခွန်အခတွေကို ပေးဆောင်လို့ရပါတယ်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကစပြီး လစာ ဝင်ငွေ သို့မဟုတ် ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေ နဲ့ ပတ်သက်တဲ့ ဝင်ငွေအခွန်ဆောင်တာတွေကို အွန်လိုင်းပေါ်ကနေ ပေးဆောင်လို့ရပြီ။ နောက်ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အခွန်တွေကိုလည်း ပေးဆောင်လို့ရနေပြီ ဖြစ်ပါတယ်။ မိုဘိုင်းလ်တင်မကဘဲ M Banking, I Banking အဲဒါ မျိုးတွေ အများကြီးရှိနေတဲ့အခါ Banking Sector မှာ လည်း ကုမ္ပဏီအချင်းချင်း ငွေလွှဲတာအပြင် ကုမ္ပဏီမှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့လစာတွေကို စာရင်းတစ်ချက် တွက် လိုက်ပြီး Online Banking ကနေ ပေးလိုက်ခြင်းဖြင့် ဝန်ထမ်းဆယ်ဂဏန်းပဲရှိရှိ၊ ရာဂဏန်းပဲရှိရှိ One Click နှိပ်လိုက်ရုံနဲ့ Salary Payment တွေက အကုန်လုံးကို ရောက်သွားမှာ ဖြစ်ပါတယ်။
အခုပြောသွားတာက ဘယ်လို အသုံးပြုရတယ် ဆိုတာကို ပြောသွားတာပါ။ အဲဒီမှာ Security အပိုင်း အနေနဲ့ သူ့ရဲ့ဘဏ်က တာဝန်ယူပြီး လုပ်ထားတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ တချို့ဆိုရင် One Time Pass Code တွေ ပို့တာရှိတယ်။ Online Banking ဆိုရင် ဘဏ် တွေက ထုတ်ပေးတဲ့ Device တွေရှိတယ်။ အဲဒီ Device မှာ နံပါတ်တွေကို ရိုက်ထည့်ပြီး ကိုယ့်ရဲ့ဘဏ်အကောင့် ကနေ အခြားဘဏ်အကောင့်ကိုဖြစ်ဖြစ်၊ လစာပေးတာပဲ ဖြစ်ဖြစ် ဒါတွေကို Security အဆင့်ဆင့်ဖြတ်ပြီး Payment တွေက နောက်ဆုံးမှ ထွက်သွားပါတယ်။
ခုနက အကောင့်ဖွင့်တယ်ဆိုတာ လွယ်ကူသလိုမျိုးပဲ အကောင့်ထဲမှာ ဖွင့်ပြီးရင် သက်ဆိုင်ရာ Payment အလိုက် ပူးပေါင်းထားတဲ့ Service ဝန်ဆောင်မှုတွေ၊ Product တွေ အကုန်လုံးကိုလည်း လုပ်လို့ရပါတယ်။ လွန်ခဲ့တဲ့ ၁ / ၂ နှစ်နဲ့ယှဉ်ရင် မိုဘိုင်းလ်အကောင့်ထဲကို ဝင်လာတဲ့ ကုန်သည်တွေက အများကြီးရှိလာသလိုမျိုးပဲ နောက်ပိုင်းမှာ ဒီဟာက ဘယ်လောက်အထိ အသုံးဝင်တယ်၊ လွယ်ကူတယ်၊ မြန်ဆန်တယ်ဆိုတာကိုသိသွားရင် အခြားကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံး က တော်တော်များများပါလာမယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။
ဦးစိုးသီဟ ။ ။ ကိုဝင်းထက်ရေ အခုပဲ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်အကြားမှာ မိုဘိုင်းလ်ငွေပေးချေတာသုံးပြီး ကျွန်တော်တို့ အချင်းချင်း ငွေလွှဲကြည့်ရအောင်၊ အခုဆိုရင် ကျွန်တော် အကောင့်ထဲဝင်ပြီး လွှဲပေးမယ်။ ကျွန်တော် အစ်ကို့ဆီက QR Code တောင်းလို့ရတယ် သို့မဟုတ် ဖုန်းနံပါတ်သိတယ် ဆိုရင်လည်း ဖုန်းနံပါတ်ရိုက်ထည့်ပြီး လုပ်ဆောင်လို့ ရပါတယ်။ ဒါဆိုအခု ဖုန်းနံပါတ်ရိုက်ထည့်ပြီး ကျွန်တော် လွှဲချင်တဲ့ ပမာဏကိုထည့်ပြီး ကျွန်တော့်ရဲ့ လျှို့ဝှက်ကုတ် နံပါတ်ကို ရိုက်ထည့်ပြီး လွှဲလိုက်ပါပြီ ခင်ဗျာ။
ဦးဝင်းထက်မောင်မောင် ။ ။ ဟုတ်ကဲ့ ချက်ချင်း ရောက်ပါတယ် ကိုစိုး သီဟ။ Mobile Payment က အတော့်ကို မြန်ဆန်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး တွေ့စရာမလိုဘဲနဲ့ ငွေလက်ခံလို့ ရတယ်၊ ငွေလွှဲလို့ရတဲ့အပြင် ခုနကပြောသလို စက္ကန့်ပိုင်း အတွင်းမှာ ငွေလက်ခံတာတွေ လုပ်လို့ရတဲ့ အတွက်ကြောင့် အများကြီးအဆင်ပြေပါတယ်။ အထူးသဖြင့် ကိုဗစ်ကာလမှာ ဒီဟာက တော်တော်အသုံး ဝင်တယ်၊ နောက်ပိုင်းကျရင် ပိုပြီး သုံးစေချင်ပါတယ်။ အလွန် အသုံးဝင်ပါတယ်။
ဦးစိုးသီဟ ။ ။ သူငယ်ချင်း မိတ်ဆွေတွေကြားထဲမှာ ငွေအလွှဲအပြု အများကြီး လွယ်ကူသွားတယ်။ မိသားစုထဲမှာမုန့်ဖိုးပေးတာ၊ သီတင်းကျွတ်ကန်တော့တာကအစ Mobile Payment ရဲ့ အခန်း ကဏ္ဍက ပိုပြီးတွင်ကျယ်လာတယ်။ ကိုဝင်းထက်ရေ အစိုးရနဲ့ ပြည်သူလူထုကြားမှာ ဒီလိုမျိုး Mobile Payment နဲ့ ပတ်သက်ပြီး ဥပမာတစ်ခုလောက် ကျွန်တော်တို့ကို ပြောပြပေးပါဦး။
ဦးဝင်းထက်မောင်မောင် ။ ။ အစိုးရနဲ့ ပြည်သူကြားမှာ Mobile Payment အသုံးပြုပြီး ငွေလွှဲတယ်ဆိုတာ အရင်တုန်းက မကြားဖူးပါဘူး။ တော်တော်များများက ငွေသားနဲ့ ဘဏ်ကိုသွားပြီး လုပ်ကြတာ များပါတယ်။ ဒါပေမယ့် အခုကိုဗစ်ကာလအတွင်းမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ကိုယ်ဝန် ဆောင်တွေကို ငွေထောက်ပံ့တဲ့အစီအစဉ်တစ်ခုကို လုပ်ခဲ့ ပါတယ်။ ဒါကို ဥပမာအနေနဲ့ နည်းနည်းပြောပြချင်ပါတယ်။
ကိုဗစ်ကာလမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကနေပြီး ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းကောက်တဲ့ အခါတိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ / ၅ ခုလောက်မပါဘဲနဲ့ကို လူဦးရေက သိန်းနဲ့ချီပြီး ရှိပါတယ်။ ဒီလိုမျိုး အခြေအနေမှာ ငွေသားနဲ့ ထုတ်ပေးဖို့က ကိုဗစ်ကာလနဲ့ ဆိုရင် ဘဏ်မှာသွားပြီး တန်းစီရမယ်၊ ငွေထုတ်ရမယ် ဒါတွေက ကျန်းမာရေးနဲ့ပတ်သက်လို့ မသင့်တော်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
ဒီတော့ ဝန်ကြီးဌာနက ဘဏ်တွေရော၊ Mobile Payment Operator တွေ အကုန်လုံးကို ခေါ်လိုက်ပြီး သူတို့ကို စာရင်းအရင်ကောက်ပါတယ်။ အစိုးရဝန်ကြီး ဌာနကလည်း နောက်ပိုင်းတော်တော်လေး အဆင့်မြင့် လာပါတယ်။ “ငွေဗိုက်” လို့ခေါ်တဲ့ Application တစ်ခုကို ရေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်တွေက ဒီထဲမှာ အချက်အလက်တွေကို ဖြည့်သွင်းပြီး စာရင်းပေးရပါတယ်။ ကိုယ်ဝန် ဘယ်လောက်ရှိပြီ၊ နေရပ်လိပ်စာ၊ နာမည်၊ အသက် စတဲ့ လိုအပ်တဲ့အချက်အလက်တွေ အကုန်လုံးကို ထည့်ပေးရပါတယ်။ အဲဒါကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အဆင့်ဆင့်ပြန်ပြီး စိစစ်ပါတယ်။ စိစစ်ပြီးတဲ့အခါမှာ Payment အနေနဲ့ ပေးတာက တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Payment က အရင်ကဆိုရင် ငွေသားနဲ့ပေးတာ တစ်မျိုးတည်းရှိပါတယ်။ အခု ဘာတွေ့ရလဲဆိုတော့ ဖုန်းနံပါတ်ကို အသုံးပြုပြီး ငွေလွှဲတဲ့စနစ်ကို သုံးပါတယ်။ ဘဏ်တွေကလုပ်တဲ့ Payment ကို အစိုးရဝန်ကြီးဌာနက ပေါင်းပြီးလုပ်ပါတယ်။ နောက်တစ်ခုက ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ငွေသားနဲ့ ထုတ်မယ်ဆိုရင် အသေးစား ငွေရေးကြေးရေးကုမ္ပဏီတွေကို တစ်ဆင့်ခံပြီး ပေးပါ တယ်။ ဒါပေမယ့် အခုဒီစနစ်တွေနဲ့ ငွေထုတ်ပြီးသွားတာက ကိုယ်ဝန်ဆောင် ၂၅၀၀၀၀ ကို ထုတ်ပေးပြီးသွားပြီ။ အဲဒီ အထဲမှာ အများစုက မိုဘိုင်းလ်ဖုန်းကိုသုံးပြီး ငွေလက်ခံတယ်၊ ဝန်ကြီးဌာနကလည်း Mobile Payment စနစ်နဲ့ ငွေလွှဲလိုက်တယ်လို့ ကျွန်တော် ကြားသိရပါတယ်။
ခုနပြောသလိုမျိုး အစိုးရဖြစ်တဲ့အခါ ဘဏ်ကနေ ငွေသွားထုတ်ပြီးလုပ်မယ့်အစား သက်ဆိုင်ရာ၊ နီးစပ်ရာ အေးဂျင့်တွေကနေတစ်ဆင့် ပိုက်ဆံကို ပြန်ပြီးထုတ်မယ်၊ ကိုယ့်မှာ Mobile Account ဖွင့်ထားတယ်ဆိုရင် ကိုယ့် အကောင့်ထဲကို ပိုက်ဆံတိုက်ရိုက်ဝင်မယ် ဒါတွေက အထူး သဖြင့် ကိုယ်ဝန်ဆောင်တွေဆိုရင် ဘယ်လိုမှ ဘဏ်တွေကို လည်း မသွားနိုင်ဘူး၊ အပြင်လည်း သွားလို့မရဘူး ကိုဗစ် ကာလဖြစ်နေတယ်ဆိုတော့ ပိုပြီးဆိုးပါတယ်။ ဒါကို အစိုးရ ကနေပြီး ကိုဗစ်ကာလအတွင်း ပထမဆုံးအနေနဲ့ Mobile Payment ကိုသုံးပြီး ပြည်သူတွေကို ထောက်ပံ့တယ်ဆိုတဲ့ အစီအစဉ်တစ်ခုကို ကျွန်တော် မျှဝေပေးတာပါ။ အများကြီး အဆင်ပြေပါတယ်။
အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံရဲ့ အခုလက်ရှိ ဒစ်ဂျစ်တယ် ငွေပေးချေမှုနဲ့ ပတ်သက်ပြီး တခြားသိကောင်းစရာတွေရှိရင်လည်း မျှဝေပေးပါဦး။
ဦးစိုးသီဟ ။ ။ သုံးစွဲသူတွေဘက်က သိသင့်တဲ့ အချက်တွေကို ကျွန်တော် ဖြည့်စွက် ချင်ပါတယ်။ တစ်ခုက ဒစ်ဂျစ်တယ်စနစ်သုံးတဲ့အခါမှာ လုံခြုံရေးကို သတိပြုသင့်ပါတယ်။ ဒီလိုမျိုး Digital Payment Account တွေသည် ဖုန်းနံပါတ်ကို အဓိကထားပြီး သုံးတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို သေသေချာချာ Register လုပ်ထားဖို့ တိုက်တွန်းလိုပါတယ်။ အဲဒီလို လုပ်ထားမှသာလျှင် ဆင်းကတ်ပျောက်ခဲ့တယ်၊ တယ်လီဖုန်း ပျောက်ခဲ့တယ်ဆိုရင် ဒီဖုန်းနံပါတ်ကို ပြန်လည်ပြီးရယူလို့ ရမှာပါ။
နောက်တစ်ခုက ဒီလိုမျိုး Digital Payment Providers တွေအနေနဲ့ ပိုပြီးလုံခြုံအောင်ဆိုပြီး ကိုယ့်ရဲ့ လုံခြုံရေး လျှို့ဝှက်ကုတ်အပြင် တစ်ခါသုံး လျှို့ဝှက်ကုတ်တွေကိုလည်း ဖုန်းထဲကို SMS ကတစ်ဆင့် လုံခြုံရေးအတွက် ပို့ပေးတတ်ပါတယ်။ ဒီကုတ်တွေက ကိုယ့်အတွက်ပဲ ဖြစ်ပါတယ်။ တခြားသူတွေနဲ့ မျှဝေဖို့အတွက် မဟုတ်ပါဘူး။ ကိုယ့်အတွက် လုံခြုံစွာကိုယ်တိုင်သုံးဖို့အတွက် ဖြစ်ပါတယ်။
ဒီလိုမျိုး ငွေလွှဲတဲ့အခါ ကိုယ်လွှဲမယ့်သူရဲ့ နာမည်ကို သေချာစစ်ပါ။ ဖုန်းနံပါတ်ထည့်လိုက်တယ်။ သူ့ရဲ့ နာမည်ကို သေချာစစ်ဖို့ရယ် နောက်တစ်ခုက ကိုယ်လွှဲလိုတဲ့ ငွေကြေး ပမာဏရဲ့ ဂဏန်းအရေအတွက်ကို သေချာစစ်ဖို့ကို ဆွေးနွေးချင်ပါတယ်။ နောက်တစ်ခု ဒီလိုမျိုး ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ်က ကျွန်တော်တို့အတွက် အလွန်အဆင်ပြေသွားပါတယ်။ ဥပမာ ရုပ်ရှင်လက်မှတ်ဝယ်တာ၊ အွန်လိုင်းက ပစ္စည်းမှာပြီး ငွေပေးချေတာ၊ သူငယ်ချင်းတွေစုပြီး အလှူ အတန်းပြုတဲ့အခါ အိမ်ထဲကနေ လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေကို စမ်းကြည့်ဖို့ ကျွန်တော်တိုက်တွန်းပါတယ်။
အစီအစဉ်မှူး ။ ။ ဒီအစီအစဉ်ကနေပြီး ပရိသတ်တွေကို ထပ်မံပြီး အသိပေးချင်တဲ့ အကြောင်းအရာတွေရှိရင်လည်း ဆွေးနွေးပေးပါဦး။
ဦးဝင်းထက်မောင်မောင် ။ ။ ကျွန်တော်တို့ အနေနဲ့ Mobile Payment တွေကို တွင်တွင်ကျယ်ကျယ် သုံးစေချင်ပါတယ်။ အဓိက ဘာလဲဆိုတော့ ခုနက ပြောသလိုမျိုး အကောင့်တွေ ဖွင့်ရတာ လွယ်ကူတယ်။ နောက်ပြီး သက်ဆိုင်ရာဘဏ်တွေ ဖြစ်ဖြစ်၊ Mobile Payment ကို လုပ်တဲ့ကုမ္ပဏီဖြစ်ဖြစ် သူတို့က လုံခြုံရေးကို အထပ်ထပ်လုံခြုံအောင်လို့ နည်းပညာနဲ့ သေချာလုပ်ထားပါတယ်။
ဒါကြောင့် သုံးစွဲမယ့် ပြည်သူလူထုတွေ၊ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ Mobile Payment ကို ယုံကြည်ဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ခုနက ပြောခဲ့သလိုပဲ Cash Management တွေက Digital ကိုသုံးပြီး ပေးတဲ့အချိန်မှာ အလွန်လျင်မြန်လွယ်ကူပြီး မြန်ဆန်တာကို တွေ့ရပါမယ်။ ပြီးရင် Cash Counting တွေနဲ့ တော်တော်ကို လျော့ကျ သွားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပိုက်ဆံကို ရေတွက်တဲ့ အချိန် ပိုက်ဆံကနေ ထွက်လာမယ့် အနံ့တွေကို လူတိုင်းက ရှူနေရတယ်ဆိုတော့ ဒါတွေကလည်း ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ဆိုးကျိုးအနေနဲ့ ဖြစ်စေနိုင်ပါတယ်။
နောက်တစ်ခုက သယ်ယူပို့ဆောင်ရေးမှာ Risk တွေ အများကြီးလျှော့ချနိုင်တဲ့ အနေအထားမျိုးကို တွေ့ရတဲ့ အတွက် ဒါလေးက အားသာချက်အနေနဲ့ ကျွန်တော် ပြောခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ဆိုင်တွေအနေနဲ့ Mobile Payment Account ထဲမှာပါဝင်တာ အရင်က ထက်စာရင် များလာပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆို Cover မဖြစ်သေးပါဘူး။ ဒီတော့ ပြည်သူလူထုအနေနဲ့ Mobile Wallet ကိုသုံးပြီး ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေ ကို ရယူတဲ့အခါမှာ Mobile Wallet ကို ကုန်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က သုံးစွဲတဲ့သူ လွယ်ကူအောင်လို့ Mobile Platform မှာ ပူးပေါင်းပါဝင်စေချင်ပါတယ်လို့ ပြောချင်ပါတယ်။
အစီအစဉ်မှူး ။ ။ ဦးစိုးသီဟအနေနဲ့ ထပ်မံပြီး ဖြည့်စွက် ပြောကြားချင်တဲ့ အကြောင်းတွေရှိရင်လည်း မျှဝေပေးပါဦး။
ဦးစိုးသီဟ ။ ။ ဒစ်ဂျစ်တယ်စီးပွားရေး အသွင်ကူးပြောင်းတဲ့ကိစ္စတွေမှာ မြန်မာ နိုင်ငံအနေနဲ့ အရှိန်အဟုန်ရလာနေပြီ။ ဒစ်ဂျစ်တယ် ငွေပေးချေတဲ့စနစ် အောင်မြင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဥပမာအနေနဲ့ အိန္ဒိယနိုင်ငံဆိုရင် ၂၀၁၆ ခုနှစ် ဧပြီလလောက်မှာ UPI လို့ခေါ်တဲ့ Unified Payments Interface ကို စတင်ခဲ့ပါတယ်။ ၃ / ၄ နှစ်အတွင်းမှာ သူတို့နိုင်ငံရဲ့ GDP ၁၀ ရာခိုင်နှုန်းကို Payments Inter-face ကနေ တစ်ဆင့် အသုံးပြုလာနိုင်ခဲ့ပါတယ်။ သူတို့ နိုင်ငံသားတွေ ရဲ့ ၈၀ ရာခိုင်နှုန်းသည် ဘဏ်အကောင့်တွေ ရှိသွားပြီ ဆိုလိုတာက လူသန်းပေါင်း ၁၀၀၀ ကျော် လောက်အထိ ဘဏ်အကောင့်တွေရှိသွားတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်သွားတဲ့အခါမှာ စီးပွားရေးတွေကလည်း လုပ်ရတာ ပိုပြီးလွယ်ကူလျင်မြန်လာပါတယ်။ ဒါ့အပြင် ဒီအပေါ်မှာ ထပ်ဆင့်ပြီး ဆန်းသစ်တီထွင်တဲ့ လုပ်ငန်းတွေကလည်း ပိုမိုပြီး ဖြစ်ထွန်းအောင်မြင်လာပါတယ်။ မြန်မာနိုင်ငံရဲ့ Digital Payment ကလည်း ဒီလို လျင်လျင်မြန်မြန်နဲ့ အောင်မြင်ဖို့အတွက် မျှော်လင့်ပါတယ်။ ။
ထက်လျှံ