Skip to main content

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၈ ဦး တက်ရောက်သဖြင့် ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယက က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင်က ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၂၆ ခုနှစ်) နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယက က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၂၆ ခုနှစ်) နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယက က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အား ဆက်လက်အတည်ဖြစ်စေရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးအေးပိုင်က ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်များမှအပ ကျန်သည့်မြို့နယ်များတွင် နယ်မြေမတည်ငြိမ်မှုဖြစ်နေဆဲအခြေအနေရှိပါကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသည့် နယ်မြေများကို နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိစေရန်အတွက် အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်က ဆက်လက်တာဝန်ယူဆောင်ရွက်ရန် လိုအပ်နေသေးပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၃၃၇ တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

ပုဒ်မ ၃၃၈ တွင်လည်း နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ၄၁၂ (က) တွင် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု၏ နယ်မြေ၏အစိတ်အပိုင်းတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြုသည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ ၄၁၃ (က) တွင် နယ်မြေအခြေအနေ မူလအတိုင်း ပြန်လည်ရောက်ရှိစေရန် တပ်မတော်၏အကူအညီကို ရယူနိုင်ကြောင်းနှင့် ပုဒ်မ ၄၁၆ တွင် နိုင်ငံတော်သမ္မတ၏တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အချိန်ကာလထပ်မံတိုးမြှင့်ပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို တိုးမြှင့်အာဏာတည်စေရမည်ဟုလည်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် နယ်မြေမတည်မငြိမ်ဖြစ်နေသည့် ကျန်မြို့နယ်များအတွက် အခြေခံဥပဒေပုဒ်မ ၂၁၂ (ဃ) အရ သက်တမ်းတိုးပေးရန်အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေက နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့သည် နိုင်ငံတော်၏အဓိကတာဝန်များဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တင်ပြချက်များနှင့် လက်ရှိအခြေအနေများကို လေ့လာသုံးသပ်ရာတွင် အရေးပေါ်ကြေညာထားသည့် မြို့နယ်ပေါင်း ၆၀ အနက် ချင်းပြည်နယ်ရှိ တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်များမှအပ ကျန်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းမရှိသေးသည်ကို သိရှိရပါကြောင်း။

လက်ရှိတွင် အရေးပေါ်ကြေညာထားသော မြို့နယ်များ၌ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ အများပြည်သူ၏ လုံခြုံရေးကို ထိခိုက်နိုင်သောအခြေအနေများနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်ရန် အခက်အခဲများ ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပါက ဒေသတည်ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေးအပေါ် မလိုလားအပ်သည့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခနှင့် လုံခြုံရေးစိန်ခေါ်မှုများ၊ အုပ်ချုပ်ရေးအခက်အခဲများ၊ ပြည်သူများ၏ နေ့စဉ်ဘဝလုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများက ဥပဒေနှင့်အညီ မိမိတို့တာဝန်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အခြေအနေကြေညာချက်ကို နောက်ထပ်ရက် ၉၀ ဆက်လက်အတည်ဖြစ်စေရန် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသတစ်ခုသာမဟုတ်ဘဲ အိန္ဒိယနိုင်ငံသို့ ဝင်ပေါက်၊ တောင်အာရှသို့ ဆက်သွယ်ပေးမည့် မဟာဗျူဟာမြောက်တံခါးပေါက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုသည် ချင်းပြည်နယ်အတွက်သာမဟုတ်ဘဲ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အမျိုးသားလုံခြုံရေးအတွက်ပါ အလွန်အရေးကြီးပါကြောင်း၊ ချင်းပြည်နယ်တွင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ပြန်လည်ရရှိလာခြင်းသည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက်သာမက ဒေသတွင်း အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး၊ မဟာဗျူဟာမြောက် ဖွံ့ဖြိုးရေးစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ချင်းပြည်နယ်တွင် ပုံမှန်အုပ်ချုပ်ရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေးတို့ကိုရည်ရွယ်၍ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၆) အား နောက်ထပ်ရက်ပေါင်း ၉၀ ဆက်လက်အတည်ဖြစ်စေရန် ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီချက်ပေးရန် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးရန်နိုင်ဦးက ယခင်က ထုတ်ပြန်ထားခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ နှင့် ၂/၂ဝ၂၆ တို့သည် စတင်ထုတ်ပြန်သည့်နေ့မှစ၍ သတ်မှတ်ပြဋ္ဌာန်းကာလ မူလရက် ၉၀ ပြည့်မြောက်မည် ဖြစ်သော်လည်း နိုင်ငံတော်၏ အခြေအနေအရပ်ရပ်သည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ တွင် ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက မြို့နယ်များအနက် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှအပ ကျန်မြို့နယ်များသည် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများသည် မူလကဲ့သို့ ကောင်းမွန်သည့်အခြေအနေများကို ပြန်လည်ရောက်ရှိခြင်းမရှိသေးသည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဘဝအာမခံချက်၊ တိုင်းပြည်၏ အချုပ်အခြာပိုမိုလေးနက်တည်ငြိမ်စွာ တည်ဆောက်နိုင်ရေးကို လုံလောက်သည့် အချိန်တစ်ခု ထပ်မံရရှိရန် လိုအပ်နေသေးသည့်အားလျော်စွာ သတ်မှတ်ပြဋ္ဌာန်းကာလကို နောက်ထပ်ရက်ပေါင်း ၉၀ အထိ ဆက်လက်တည်ရှိရန် မလွဲမသွေလိုအပ်ပါကြောင်း။

ထို့ကြောင့် ချင်းပြည်နယ် တွန်းဇံမြို့၊ ဖလမ်းမြို့တို့မှအပ ကျန်မြို့နယ်များသည် မူလအခြေအနေအတိုင်း တည်ငြိမ်အေးချမ်းလုံခြုံမှု မရှိသေးသည့်အတွက် မူလအတိုင်း အသားသေအောင် နောက်ထပ်ထပ်မံ၍ လုံလောက်သည့် နေ့ရက်အချိန်ကာလတစ်ခုအထိ ဆက်လက်အတည်ဖြစ်စေရန် မလွဲမသွေလိုအပ်လျက်ရှိပါသဖြင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးကျော်ဇင်ထွန်းက ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးမှ ချန်လှပ်ပေးထားခြင်းသည် မြေပြင်လုံခြုံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးအခြေအနေများကို အခြေခံ၍ ဆုံးဖြတ်ထားသည့် လက်တွေ့ကျသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ယူဆပါကြောင်း၊ တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း စစ်အုပ်ချုပ်ရေးသက်တမ်းတိုးခြင်းမျိုးမဟုတ်ဘဲ ဒေသတစ်ခုချင်းစီ၏ တည်ငြိမ်မှုအခြေအနေကို သီးခြားသုံးသပ်၍ ဖလမ်းနှင့် တွန်းဇံမြို့နယ်တို့ကို ချန်လှပ်ပေးခြင်းသည် ဥပဒေ၏ ရည်ရွယ်ချက်နှင့်လည်း ကိုက်ညီသကဲ့သို့ မြေပြင်အခြေအနေနှင့်လည်း လိုက်လျောညီထွေရှိသော ဆုံးဖြတ်ချက်ဖြစ်ပါကြောင်း။

စစ်အုပ်ချုပ်ရေးသည် နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ယာယီအသုံးပြုရသည့် အရေးပေါ်ဥပဒေဆိုင်ရာ အစီအမံဖြစ်သော်လည်း အန္တိမရည်မှန်းချက်သည် အရပ်ဘက်အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ ပုံမှန်လူမှုစီးပွားဘဝကို အမြန်ဆုံးပြန်လည်ဖော်ဆောင်ပေးနိုင်ရေးဖြစ်သင့်ပါကြောင်း၊ ထို့ကြောင့် ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးမှ ချန်လှပ်ပေးထားခြင်းကို ထောက်ခံကြောင်း၊ ကျန်မြို့နယ်များတွင်လည်း တည်ငြိမ်ရေး ပြန်လည်ရရှိသည်နှင့်တစ်ပြိုင်တည်း စစ်အုပ်ချုပ်ရေးကို အမြန်ဆုံးရုပ်သိမ်း၍ အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ ပြန်လည်ကူးပြောင်းနိုင်ရေးကို အလေးထားဆောင်ရွက်ပေးပါရန်နှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (World Artificial Intelligence Cooperation Organization) ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဗဟန်း မဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က မိမိတို့နိုင်ငံအနေဖြင့် ရရှိမည့် အကျိုးကျေးဇူးသည် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများထက် ပိုမိုများပြားပါကြောင်း၊ စိန်ခေါ်မှုများကို မိမိတို့၏ လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒနှင့် စီမံခန့်ခွဲနိုင်မည်ဖြစ်သည့်အတွက် စာချုပ်ကို အတည်ပြုပေးရန် ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအတွက် ကုန်ကျစရိတ်နည်းပါးပြီး အကျိုးအမြတ်များမည့် နည်းပညာဆိုင်ရာ မဟာဗျူဟာမြောက် စာချုပ်တစ်ခုဖြစ်ပါကြောင်း။

ယင်းစာချုပ်သည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို မထိခိုက်စေသည့်အပြင် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးတို့အတွက် များစွာအကျိုးကျေးဇူးဖြစ်ထွန်းအားပေးမည်ဖြစ်သည့်အတွက် (WAICO) စာချုပ်တွင် မြန်မာနိုင်ငံအနေဖြင့် Founding Member အဖြစ် ဝင်ရောက်နိုင်ရေးကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးပါရန် ထောက်ခံဆွေးနွေးသည်။

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက WAICO သို့ ဝင်ရောက်ခြင်းသည် ဘက်စုံသံတမန်ရေးမူဝါဒကို ပိုမိုအားဖြည့်ဆောင်ရွက်ရာရောက်ပြီး အရှေ့တောင်အာရှနှင့် အာရှဒေသတွင်းနိုင်ငံများနှင့် နည်းပညာဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း၊ WAICO နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဉာဏ်ရည်တုစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ဉာဏ်ရည်တုဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကိုပါ အဆင့်မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များနှင့် ဒီဂျစ်တယ်ခေတ်ရေစီးကြောင်းတွင် တိုးတက်မြင့်မားလာမည့် နိုင်ငံတော်အကျိုးစီးပွားကို ရှေးရှုလျက် ဤကမ္ဘာ့ဉာဏ်ရည်တုနည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO) သို့ မြန်မာနိုင်ငံ ဝင်ရောက်လက်မှတ်ရေးထိုးရေးအဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ရန်မရှိဘဲ အတည်ပြုပေးပါရန် ထောက်ခံဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်က AI နည်းပညာကို လူသားအကျိုးပြုအသုံးချနိုင်ရေးကို အလေးထားခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းအဖွဲ့အစည်းတွင် ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် AI နည်းပညာဆိုင်ရာ သုတေသန၊ နည်းပညာလွှဲပြောင်းမှု၊ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာအတွေ့အကြုံများ ဖလှယ်နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် နည်းပညာကွာဟချက်ကို လျှော့ချနိုင်မည့် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါကြောင်း။

ယင်းသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်ဖြစ်လာခြင်းသာမဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးခြင်းလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ အဆိုအား အတည်ပြုပေးပါရန် ထောက်ခံဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေက မြန်မာနိုင်ငံအနေဖြင့် အဆိုပါသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးပါက AI နည်းပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက်ဖလှယ်မှုများတွင် ပါဝင်နိုင်မည်ဖြစ်ပါကြောင်း၊ AI သုတေသနနည်းပညာလွှဲပြောင်းမှု ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေးနှင့် စွမ်းအင်မြှင့်တင်ရေးအစီအစဉ်များတွင် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government လုပ်ငန်းများကို AI နည်းပညာဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် AI နည်းပညာအသုံးပြုမှုကို ပိုမိုတိုးချဲ့နိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း သဘောတူညီချက်တွင် ပါဝင်လက်မှတ်ထိုးနိုင်ရေးကို အတည်ပြုချက်ရယူပေးပါရန် ထောက်ခံဆွေးနွေးသည်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးဇော်ဇော်မြင့်က နိုင်ငံအသီးသီးက လုံခြုံရေးနှင့်အတူ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားရုန်းကန်နေကြရသည့် ယခုကာလမျိုးတွင် ကမ္ဘာကြီး၏အနာဂတ် အကောင်း၊ အဆိုးအား နည်းပညာကသာ အဆုံးအဖြတ်ပေးမည်ကို သိသာထင်ရှားနေပါကြောင်း၊ ကဏ္ဍပေါင်းစုံ၏ နည်းပညာဆန်းသစ်တိုးတက်မှုများတွင် AI Software နှင့် Chip ထုတ်လုပ်မှုသည် အဓိကဖြစ်နေပြီး AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် တရုတ်နိုင်ငံမှ ဦးဆောင်လာနိုင်သည်ကိုလည်း ထင်ရှားစွာ တွေ့မြင်နေရပါကြောင်း။

AI နှင့် လွတ်ကင်းသည်မရှိ (Everywhere Anything AI) ဆိုသည့် ကမ္ဘာကြီးဖြစ်လာမည်မှာ မဝေးတော့သော်လည်း လူသားများကသာ နည်းပညာကို တီထွင်ဆန်းသစ် ထိန်းချုပ်ထားခြင်းဖြစ်ပါ၍ လူသားသည်သာ အဓိကဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO) တည်ထောင်ခြင်းဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စအပေါ် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်တွေ့ကျကျ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးအောင်လှထွေးက WAICO ကဲ့သို့သော နိုင်ငံတကာ AI ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်ခြင်းသည် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အကျိုးကျေးဇူးရှိနိုင်ပါကြောင်း၊ သို့သော် ပါဝင်ဆောင်ရွက်ရာတွင် အမျိုးသားအကျိုးစီးပွား၊ ဥပဒေစည်းမျဉ်းများနှင့် လုံခြုံရေးကို အခြေခံ၍ ဂရုတစိုက်ဆောင်ရွက်သင့်ပါကြောင်း။

AI နည်းပညာသည် အနာဂတ်၏ အရေးပါဆုံးနည်းပညာများထဲမှ တစ်ခုဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် သင့်လျော်စွာ ပါဝင်ဆောင်ရွက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို များစွာ အထောက်အကူပြုနိုင်သည့်အတွက် နေ့စဉ်တိုးတက်နေသော နည်းပညာများကို လေ့လာဆည်းပူးပြီး မလိုလားအပ်သော ကိစ္စရပ်များမဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ထိန်းသိမ်းပြီး ဆောင်ရွက်ပေးကြပါရန်နှင့် WAICO တည်ထောင်ခြင်းဆိုင်ရာ သဘောတူညီချက်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်မှုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ဦးခင်မောင်ထွေး (ခ) မင်းစောနွယ်က ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် နိုင်ငံတကာသုတေသနအသိုက်အဝန်းများအကြား ပူးပေါင်းမှုပိုမိုအားကောင်းလာစေခြင်း၊ AI နည်းပညာ၏ အန္တရာယ်များနှင့် စိန်ခေါ်မှုများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စုပေါင်းလျှော့ချနိုင်ခြင်း၊ နည်းပညာလွှဲပြောင်းရယူနိုင်ခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ AI စီမံအုပ်ချုပ်မှုတွင် ညီညွတ်မျှတသော စံနှုန်းများ ပေါ်ထွက်လာခြင်းစသည့် အားသာချက်များကို တွေ့ရှိရပါကြောင်း။

ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို အခြေခံပြီး ဘေးကင်း၍ တရားမျှတသော AI ဂေဟစနစ်ပေါ်ထွန်းလာစေရန် နိုင်ငံတကာဥပဒေကြောင်းအရ သီးခြားရပ်တည်မည့် မဟာဗျူဟာမြောက်အဖွဲ့အစည်းဖြစ်ပြီး ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအကြား နည်းပညာနှင့် အရင်းအမြစ်များ တန်းတူညီမျှရရှိစေရန်နှင့် စနစ်တကျပြဋ္ဌာန်းထားသဖြင့် ဤသဘောတူညီချက်တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးသင့်ကြောင်း ထောက်ခံဆွေးနွေးသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးက ကောင်းကျိုး၊ ဆိုးပြစ် နှစ်တန်ပြိုင်တူပေးစွမ်းနိုင်သည့် AI ဉာဏ်ရည်တုနည်းပညာ အရှိန်အဟုန်ကြီးမားစွာ ထွန်းကားပြန့်ပွားလာသည့်အချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားများသည် AI ၏ ကောင်းကျိုးများကို အတူမျှဝေခံစားရင်း AI ကို တလွဲသုံးခြင်း၊ ဘက်လိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်နှင့် စိန်ခေါ်မှုများကို ကမ္ဘာ့နိုင်ငံများအားလုံးက စုပေါင်းကာကွယ်တားဆီးကြရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိနှင့်အနာဂတ်ကာလအတွက် လုံခြုံစိတ်ချဘေးကင်းသော AI နည်းပညာနယ်ပယ်တစ်ရပ်ရှိရန် အရေးတကြီးလိုအပ်နေခြင်း၊ နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာ၊ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာပိုင်မှုတို့ကို အပြည့်အဝအသိအမှတ်ပြုထားခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အား အမှန်တကယ် ထိရောက်အကျိုးရှိစေနိုင်ခြင်းဟူသော အခြေခံစံ (၃) ချက်နှင့် ကိုက်ညီသော အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ဖြစ်ကြောင်း စိစစ်သုံးသပ်ရပါကြောင်း၊ ထို့ကြောင့် ဤစာချုပ်တွင် မြန်မာနိုင်ငံအနေဖြင့် တည်ထောင်သူအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်လက်မှတ်ထိုးရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်းက article 5 ပါ Council နှင့် secretariat တွင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ ခန့်အပ်နိုင်ကြောင်း article 8 တွင် ထပ်မံဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်ကို အချိန်ပြည့်တာဝန်ထမ်းဆောင်ရန် တောင်းဆိုသင့်ပါကြောင်း၊ WAICO ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများကို စီမံအုပ်ချုပ်နိုင်သည့် အရည်အချင်း၊ အတွေ့အကြုံများလည်း လိုအပ်နေပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းကို စီမံခန့်ခွဲနိုင်သည့် အတွေ့အကြုံများမရှိပါက မြန်မာအလှည့်ကျဦးဆောင်ရမည့်အချိန်ကျစေကာမူ အကြောင်းပြချက်မျိုးစုံဖြင့် အခွင့်အရေးကို မျက်ကွယ်ပြုကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Founding Member တစ်ယောက်၏ အခွင့်အာဏာများကို အခြား memberများ မတောင်းဆိုမီ ဦးစွာ တောင်းဆိုဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံသားများ ကမ္ဘာနှင့် ဒေသအဖွဲ့များ စီမံအုပ်ချုပ်သည့် အတွေ့အကြုံများရရှိရန် council နှင့် secretariat တွင် မြန်မာနိုင်ငံသားတစ်ယောက် တာဝန်ထမ်းဆောင်ခွင့်ရရှိရန်တို့ ဆောင်ရွက်ပေးပါရန် ထောက်ခံဆွေးနွေးသည်။

သာကေတမဲဆန္ဒနယ်မှ ဒေါ်အေးမြမြကြိုင်က ဤသဘောတူညီချက်စာချုပ်သည် မိမိတို့နိုင်ငံ၏ လက်ရှိအကောင်အထည်ဖော်နေသည့် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများ၊ နိုင်ငံတော် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP ရည်မှန်းချက်များ နှင့် တစ်ထပ်တည်းကျနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် စတင်တည်ထောင်သူအဆင့်တွင် ပါဝင်ခွင့်ရမှသာ နောင်တစ်ချိန် နိုင်ငံတကာ AI စံနှုန်းများနှင့် မူဝါဒများ ချမှတ်သည့်နေရာများတွင် မိမိတို့နိုင်ငံ၏ အသံနှင့် ရပ်တည်ချက်များကို ထည့်သွင်းပြီး တန်းတူရည်တူဦးဆောင်ဆွေးနွေးခွင့် ရရှိလာမည်ဖြစ်ပါကြောင်း၊ သဘောတူညီချက်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် ကမ္ဘာ့ခေတ်ရေစီးကြောင်းကို ရင်ပေါင်တန်းနိုင်စေရန်နှင့် မိဘပြည်သူများအတွက် နည်းပညာဖြင့် အဆင့်မြင့်သည့် လူမှုပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖော်ဆောင်ပေးရန်အတွက် မလွဲမသွေလိုအပ်သော လုပ်ငန်းစဉ်ဖြစ်ပါသောကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက် က AI ကို အသုံးပြု၍ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်ပညာရှင်များ ပိုမိုမွေးထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုများဖြစ်သည့် ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးစနစ်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးစသည့် ကဏ္ဍများတွင် AI ကို အသုံးပြု၍ ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။

ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ဉာဏ်ရည်တု (AI) နည်းပညာကို စနစ်တကျအသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး များစွာရရှိပြီး ကောင်းမွန်သည့် အထောက်အကူများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် နည်းပညာချိတ်ဆက်ဖလှယ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် WAICO ဖွဲ့စည်းတည်ထောင်ခြင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ပေါင်းတည် မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်းက AI နည်းပညာဖွံ့ဖြိုးလာသည်နှင့်အမျှ ကိုယ်ရေးအချက်အလက် လုံခြုံရေး၊ AI နှင့် သတင်းအမှားများ ပြုလုပ်ခြင်း၊ မူပိုင်ခွင့်ချိုးဖောက်ခြင်းနှင့် ကျင့်ဝတ်ဆိုင်ရာပြဿနာများကိုလည်း အလေးထားစီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် AI အသုံးပြုမှုအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်များကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် တည်ဆောက်သင့်ပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ဝန်ဆောင်မှုအရည်အသွေးများ မြှင့်တင်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေးအတွက် ယင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က အဆိုပါသဘောတူညီချက်ကို မြန်မာနိုင်ငံကိုယ်စား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပါဝင်လက်မှတ်ရေးထိုးသွားနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၉ (က) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၅ (က) ပါ ပြဋ္ဌာန်းချက်တို့အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၀ ရက်တွင် နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်နာယကကြီးထံသို့ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပါကြောင်း။

သဝဏ်လွှာတွင် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ကုလသမဂ္ဂပဋိညာဉ်၏ ရည်ရွယ်ချက်၊ မူဝါဒသဘောတရားများနှင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ် ၂၀၃၀ ကို အကျိုးပြုစေရန်အတွက် တည်ထောင်ခြင်းဖြစ်ကြောင်း၊ အစိုးရအချင်းချင်းဆက်သွယ်သည့် လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်အနေဖြင့် တည်ထောင်၍ အပြည်ပြည်ဆိုင်ရာ ဥပဓိဂုဏ်ရှိသော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်ကို လိုက်နာကာ တန်းတူညီမျှမှု နိုင်ငံပေါင်းစုံပါဝင်မှုကို ဦးတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ၂ဝ၂၆ ခုနှစ် မေ (၁) ရက်မှ ဇူလိုင် (၃၁) ရက်အထိ သတ်မှတ်ထားကြောင်းနှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပါက တည်ထောင်သူအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်ကြေး နှစ်စဉ်ထည့်ဝင်ရမည်ဖြစ်ကြောင်း၊ ဤသဘောတူညီချက်နှင့် အဖွဲ့အစည်းမှ နုတ်ထွက်မည်ဆိုပါက အကြောင်းကြားစာပေးပို့ပြီး တစ်နှစ်ပြည့်မြောက်သည့်အချိန်တွင် အာဏာသက်ရောက်မည်ဖြစ်ကြောင်းတို့ကို ဖော်ပြထားပါကြောင်း။

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ၂ဝ၂၆ ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှ ၂ဝ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာဆွေးနွေးပွဲနှင့် ကမ္ဘာတစ်ဝန်းဉာဏ်ရည်တု အုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်တော်ကြီးများ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း။

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးခွင့်ရရှိခြင်းဖြင့် မြန်မာနိုင်ငံ၏ AI နည်းပညာခရီးလမ်းကို အတိုင်းအတာတစ်ခုအထိ အထောက်အကူပြု အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်ဖက်တစ်လမ်းက ထောက်ကူအားဖြည့်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပညာရှင်များ၏ အကူအညီများ ရရှိနိုင်ပြီး လူသားအရင်းအမြစ် မွေးထုတ်ရေးတွင်လည်း များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် AI နည်းပညာကို လွဲမှားစွာအသုံးပြုမှု၊ ဘေးထွက်ဆိုးကျိုးများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို နိုင်ငံတကာနှင့် ဟန်ချက်ညီညီ ပူးပေါင်းပြီး ကာကွယ်တားဆီးတိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း။

သို့ပါသောကြောင့် သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံတကာနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကိစ္စဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား တည်ထောင်ပြီး AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးနိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် AI နည်းပညာဆိုင်ရာ ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း။

ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်‌ရေးထိုးခြင်းကိစ္စရပ်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ထောက်ခံအတည်ပြုပေးပါသော ပြည်ထောင်စုလွှတ်တော်နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ အတည်ပြုသဖြင့် အဆိုအား သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒသမနေ့ကို ဇူလိုင် ၂၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်