Skip to main content

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တရားရုံးများ အဂတိကင်းစင်ရေးညွှန်းကိန်းများ သတ်မှတ်ပေးရေး၊ လမ်းများအဆင့်မြှင့်တင်ပေးနိုင်ရေး၊ စားသုံးသူရေးရာ ကာကွယ်ရေးဥပဒေကို ဖြည့်စွက်ပြင်ဆင်ပေးရေး၊ ရေဘေးလွတ်ရာသို့ ကျေးရွာပြောင်းရွှေ့ပေးနိုင်ရေး၊ ယာဉ်ရပ်နားစခန်း တည်ဆောက်ပေးရေး၊ ငါးဖမ်း စက်လှေများ၏ ကမ်းနီးဝင်ရောက်ငါးဖမ်းမှုကို ဥပဒေအရ ထိရောက်စွာ တားဆီးအရေးယူပေးရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် အစီအမံများ ဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်း အောင်၏ တရားသူကြီးများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် လွတ်လပ်သော တိုင်ကြားစာယန္တရားအား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် တရားရုံးအဆင့်ဆင့်၏ အဂတိ ကင်းစင်မှုနှင့် အရည်အသွေးကို တိုင်းတာသည့်ညွှန်းကိန်းများ သတ်မှတ်ထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုက မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကာလ၌ အဂတိလိုက်စားခြင်းများကို တားမြစ်ရန် ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အသစ်ကို ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေပါ ပြစ်မှုတစ်ရပ်ရပ် ကို ကျူးလွန်သူမည်သူ့ကိုမဆို ကင်းလွတ်ခွင့်ပေး ထားခြင်းမရှိကြောင်း။

မြို့နယ်တရားရုံးများနှင့် ခရိုင်တရားရုံးများတွင် တာဝန်ထမ်းဆောင်ကြသည့် တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရသည့်အပြင် တစ်ဖက်တွင်လည်း တရားစီရင်ရေးကျင့်ဝတ်များကို လိုက်နာရန် တာဝန်ရှိပါကြောင်း၊ တရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်ကိုလည်း ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူရန်မသင့်၍ လွှဲပြောင်းပေးသည့် တိုင်စာများ၊ နိုင်ငံတော်သမ္မတရုံးက လွှဲပြောင်းပေးပို့သည့် တိုင်စာများ၊ မိမိတို့ဌာနသို့ တိုက်ရိုက်တိုင်ကြားသည့် တိုင်စာများအပေါ် တွင် ကျင့်ဝတ်ဖောက်ဖျက်မှု၊ ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုများရှိကြောင်း အခြေအမြစ်ရှိပါက ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဌာနဆိုင်ရာ ပြစ်ဒဏ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့သည့် အချက်အလက်များကိုလည်း တရားရုံးနှစ်စဉ်အစီရင်ခံစာများတွင် ပွင့်လင်းမြင်သာစွာ ထည့်သွင်းဖော်ပြလျက်ရှိပါကြောင်း။

တရားရုံးအဆင့်ဆင့်၏ အဂတိကင်းစင်မှုနှင့် အရည်အသွေးကို တိုင်းတာသည့် ညွှန်းကိန်းများ သတ်မှတ်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်အဖြစ် မှတ်သားထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အကြံဉာဏ်များရယူ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရားသူကြီးများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် လွတ်လပ်သော တိုင်ကြားစာယန္တရားများအား ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင် (ခ) ဦးဒီလုံး၏ နမ့်စန်မြို့နယ်ရှိ မိုင်းစိတ်-နောင်စန့် မြေသားလမ်း အား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန်နှင့် မိုင်းစိတ်-နောင်စန့်- ဟွေဆိုင်း-ညောင်ပင်သာ-ဈေးကုန်း(နောင်ဘို) ကျေးရွာလမ်းပိုင်းကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက မိုင်းစိတ်-နောင်စန့်-ဟွေဆိုင်း - ညောင်ပင်သာ - ဈေးကုန်း(နောင်ဘို)ကျေးရွာချင်းဆက်လမ်းသည် နယ်စပ်ရေးရာဝန်ကြီးဌာနက စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်း၏ ကိုးမိုင်တွင်ရှစ်မိုင်မှာ ကျောက်ခင်းပြီးဖြစ်၍ ကျောက်ခင်းရန်ကျန်ရှိသည့် မိုင်းစိတ်နှင့် နောင်စန့်လမ်းပိုင်း မြေသားလမ်းတစ်မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင် ရွက်ပေးရန် ကျန်ရှိပါကြောင်း။

အဆိုပါမြေလမ်း တစ်မိုင်ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ကျောက်လမ်း ရှစ်မိုင်ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လာမည့်ဘဏ္ဍာနှစ်များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်အစိုးရ ရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သန်လျင်မဲဆန္ဒနယ်မှ ဦးမိုးမြင့်၏ စားသုံးသူရေးရာကာကွယ်ရေးဥပဒေတွင် လုပ်ငန်းရှင်များမှရောင်းချသည့်ဈေးနှုန်းနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက စားသုံးသူများအား ကာကွယ်ပေးနိုင်သည့် အချက်အား စားသုံးသူအခွင့်အရေးတွင် ဖြည့်စွက်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂ဝ၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များအနက် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်တို့ ပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များအပြင် ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုကို အကာအကွယ်ပေးထား ပါကြောင်း။

စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များကို သိရှိလိုက်နာစေရန်နှင့် ဥပဒေနှင့်အညီဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးပွဲများကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် ဈေးနှုန်းအပါအဝင် အရည်အသွေးများနှင့် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးရေးအရာရှိများကို တာဝန်ပေးအပ်ထားပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂ဝ၁၉ တွင် ဈေးနှုန်းနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေးကို ကာကွယ်ပေးနိုင်ရေး ထည့်သွင်းပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် လုပ်ငန်းရှင်များမှ ရောင်းချသည့် ဈေးနှုန်းနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက စားသုံးသူများအား ကာကွယ်ပေးနိုင်သည့် အချက်အား ထပ်မံဖြည့်စွက်ပြဋ္ဌာန်းပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုးညိုမဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်၏ မိုးညိုနှင့် ကြို့ပင်ကောက်မြို့နယ်ချင်းဆက်လမ်းအား ဂဝံခင်းခြင်းနှင့် လမ်းပခုံးချဲ့ခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပဲခူးတိုင်းဒေသကြီး၊  မိုးညိုမြို့နယ်၊ ငါးကျီး-အင်းပွားကြီး-ရွာသာယာလမ်းသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပိုင်လမ်းဖြစ်ပြီး မြေသားလမ်းအရှည် သုံးမိုင်အား မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၅၂၈ သန်းခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ သွားလာရေး အဆင်ပြေချောမွေ့စေရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ငွေကျပ်သန်း ၈ဝ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာ အပေါ် အခြေခံပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ မြေပြင်လမ်းပန်းဆက်သွယ်မှု လိုအပ်ချက်၊ ရွေးချယ်မှုအပေါ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဂဝံ တစ်မိုင်ခင်းခြင်း လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တိုက်ကြီးမဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ တိုက်ကြီး မြို့နယ်အတွင်းရှိ ဖလုံ-မြိုင်ဟေဝန်လမ်းမကြီးမှ ဂေါ်ရင်ဂျီကုန်းကျေးရွာသို့ ဆက်သွယ်သောလမ်းအား ကွန်ကရစ်ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက တိုက်ကြီး မြို့နယ် ဖလုံ - ဂေါ်ရင်ဂျီကုန်းလမ်း တစ်မိုင်အား ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ်သန်း ၁၂၁၂ ဒသမ ၆၄ ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ မြေပြင်လမ်းပန်းဆက်သွယ်မှုလိုအပ်ချက်၊ ရွေးချယ်မှုအပေါ် ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဦးစားပေးစဉ်သည့်အတိုင်း လျာထားတင်ပြသွားမည်ဖြစ်ပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ မင်းလှနှင့် အုတ်ဖိုမြို့နယ်ဆက်သွယ်သည့် လမ်းပေါ်ရှိ အိုးသည် ကုန်းမြို့၊ ဗိုလ်တန်းလမ်းမှ အုန်းနှဲချောင်းကျေးရွာ အကျော် ကွန်ကရစ်လမ်းအထိအား ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့သို့ ဆက်သွယ်သည့်လမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းဖြစ်ပြီးလမ်းအရှည် ၃ မိုင် ၂ ဖာလုံကျော်ရှိပါကြောင်း။

အဆိုပါလမ်းအရှည် ၁ မိုင် ၄ ဒသမ ၂၇ ဖာလုံသည် ယခုအခါ ပျက်စီးလျက်ရှိပြီး ၁၂ ပေအကျယ်၊ ခုနစ်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၁၄၂၉ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် သွားလာမှုအဆင်ပြေစေရန် ဘီးလမ်းနှစ်ခုကြား မြေနီခင်းခြင်းလုပ်ငန်း၊ လမ်းပခုံးများပြုပြင်ခြင်းနှင့် လမ်းပေါက်များ ဖာထေးခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်လမ်းပိုင်းအား လာမည့် ဘဏ္ဍာနှစ်တွင် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်းရှိ မြို့လုလင်- ဆူးတပ်ကြီး - မိုးကောင်းကျေးရွာချင်းဆက်လမ်း လေးမိုင်ခန့်အား ကျောက်ချောလမ်း၊ ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက လာမည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မြို့သစ်မြို့နယ်၊ မြို့လုလင်-ဆူးတပ်ကြီး-မိုးကောင်း ကျေးရွာချင်းဆက်လမ်းသည် မြေနီလမ်းအမျိုးအစား ဖြစ်ပါကြောင်း၊ အဆိုပါမြေနီလမ်းအရှည် လေးမိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် မည်ဆိုပါက ငွေကျပ် သန်း ၁၃၀၀ ခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည်ဆိုပါက ငွေကျပ် ၃၅၄၄ သန်းခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား သွားလာမှုချောမွေ့စေရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ငွေကျပ် ၁၃၃ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေအကန့်အသတ်အတွင်းမှ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထပ်မံလိုအပ်သည့် ဘဏ္ဍာငွေအား ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအပေါ် အခြေခံပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ မြေပြင်လမ်းပန်း ဆက်သွယ်မှုလိုအပ်ချက်၊ ရွေးချယ်မှုအပေါ် ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဦးစားပေးစီစဉ်သည့်အတိုင်း ပြင်ဆင်ထိန်းသိမ်းနိုင်ရေး လျာထားတင်ပြသွားမည် ဖြစ်ပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ ပျဉ်းမနားမြို့နယ်၊ သာယာစုကျေးရွာအား ရေဘေးလွတ်နိုင်မည့် သင့်တော်သောမြေနေရာသို့ ရွှေ့ပြောင်းရန် အစီအစဉ် ရှိ၊ မရှိနှင့်ရှိပါက ဘုန်းကြီးကျောင်း၊ မူလတန်းလွန်ကျောင်းနှင့် လူထုခန်းမများပါဝင်သည့် မြေဧရိယာသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက ပျဉ်းမနားမြို့နယ် သာယာစုကျေးရွာသည် ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ပေါင်းလောင်းမြစ် အရှေ့ဘက်တွင်ရှိပြီး ပျဉ်းမနားမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပါကြောင်း။

သာယာစုကျေးရွာ ရွှေ့ပြောင်းနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ပျဉ်းမနားခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်တွင် ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ သာယာစုကျေးရွာသို့ကွင်းဆင်း၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ရာ ကျေးရွာနေပြည်သူများက ပထမဦးစားပေးမြေနေရာဖြစ်သော မြေလွတ်၊ မြေရိုင်းဧက ၃၆ နေရာသို့သာ ပြောင်းရွှေ့လိုကြောင်း၊ ၎င်းနေရာသည် မြေလွတ်၊ မြေရိုင်းစိုက်ပျိုးလုပ်ပိုင် ခွင့်လျှောက်ထားသူ ၁၂ ဦး လက်ရှိစိုက်ပျိုးလျက် ရှိသောကြောင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅(ခ)နှင့်အညီ လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသော စိုက်ပျိုးမြေများ ပါဝင်နေပါက တရားဝင်လုပ်ကိုင်ခွင့် ရရှိထားခြင်းမရှိသည့်တိုင် နစ်နာမှုမရှိစေရန် ၎င်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင် ရွက်ရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း။

ကျေးရွာမြေအဖြစ် အသုံးပြုခွင့်ရရှိနိုင်ရေး အတွက် ဥပဒေပုဒ်မ-၂၅(ခ)နှင့်အညီ လက်ရှိစိုက်ပျိုး လုပ်ကိုင်နေသူ တောင်သူ ၁၂ ဦးနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ကျေးရွာပြောင်းရွှေ့နိုင်ရေးနှင့် ကျေးရွာပြောင်းရွှေ့စဉ် ကုန်ကျစရိတ်များအား နိုင်ငံတော်အစီအစဉ်ဖြင့်သာ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး ကျေးရွာနေပြည်သူများက တင်ပြထားရှိပြီး ပြောင်းရွှေ့ခွင့်ရရှိခဲ့ပါက ရေရှည် ၃ နှစ်စီမံကိန်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတထံသို့ လမ်းညွှန်မှုခံယူ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးမျိုးမြင့်သိန်း၏ ဝမ်းတွင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါလုပ်ငန်းမြေနေရာ ဧက ၂ဝ ကျော်အား သက်ဆိုင်ရာဌာနမှ စွန့်လွှတ်ကာ ယာဉ်ရပ်နားစခန်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက ဝမ်းတွင်းမြို့နယ် ဝါလုပ်ငန်းမြေနေရာ ဧက ၂၀ သည် ရန်ပုံငွေခွင့်ပြုသုံးစွဲခွင့်ရသည့်အချိန်တွင် မြို့နယ်ဦးစီးမှူးရုံးနေရာအား တောင်သူများ ဝင်ထွက်သွားလာရလွယ်ကူသည့် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးရှိ မြို့မစိုက်ပျိုးရေးပညာပေး စခန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် အစီအစဉ်ရှိခြင်း၊ တောင်သူများအား လက်တွေ့ပညာပေးပြသနိုင်ရန် မိုးချည်မျှင်ရှည်ဝါ၊ မိုးနှမ်း၊ မိုးနေကြာနှင့် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာစံပြကွက်များ စိုက်ပျိုးရန် စီစဉ်ထားရှိခြင်း၊ ထို့ပြင် ချည်မျှင်ရှည်ဝါကို တစ်ချိန်တည်း ရိတ်သိမ်းနိုင်သည့် နည်းပညာသုံးစိုက်ခင်းပြုလုပ်ကာ စက်ဖြင့်ဝါရိတ်သိမ်းနိုင်ရေး ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေပါသဖြင့် ဝါလုပ်ငန်းမြေနေရာ (မြို့မ စိုက်ပျိုးရေးပညာပေးစခန်း) ဧက ၂ဝ ကျော်အား စွန့်လွှတ်ရန်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဘုတ်ပြင်မဲဆန္ဒနယ်မှ ဦးအောင်လင်းလှိုင်၏ ပင်လယ်ကမ်းဝေး ငါးဖမ်းစက်လှေများသည် ကမ်းနီးတွင် လာရောက်ဖမ်းဆီးနေခြင်းများအတွက် ဥပဒေအရ မည်ကဲ့သို့ တားဆီးဆောင်ရွက်မည်ကို အသေးစိတ် ရှင်းလင်းပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသော ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (VMSကိရိယာ)ဖြင့် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) VMS Control Center အပါအဝင် ခြောက်နေရာ၊ တပ်မတော်(ရေ)မှ VMS Center ရှစ်နေရာ၊ ရေကြောင်းရဲတပ်ဖွဲ့မှ VMS Center နှစ်နေရာနှင့် ကမ်းခြေစောင့် တပ်ဖွဲ့မှ VMS Center နှစ်နေရာ၊ စုစုပေါင်း ၁၈ နေရာမှ စောင့်ကြပ်ကြည့်ရှုစစ်ဆေး အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းနီး၊ ကမ်းဝေးငါးလုပ်ငန်းရေပြင် သတ်မှတ်မျဉ်းအား GIS Coordinate Points 70 မှ 80 အထိ သတ်မှတ်ထားပြီး ကျွန်းများအား ကမ်းနီးရေပြင်အတွင်း ထည့်သွင်း ရေးဆွဲထားရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ကမ်းဝေး ရာသီပိတ်ကာလအဖြစ် ဧပြီ၊ မေနှင့် ဇွန်လတွင် သတ်မှတ်ထားရှိပါကြောင်း၊ ကမ်းဝေးငါးဖမ်းရာသီဖွင့် ကာလများဖြစ်သည့် ဇူလိုင်မှ မတ်လကာလများအထိ ဘုတ်ပြင်းမြို့နယ်တွင် အလယ်မန်ကျွန်း၏ အနောက်ဘက်၊ အောင်ဘာလေကျွန်းအနီး၊ ပါဝယ်ကျွန်းအနီး၊ သင်္ဃန်းကျွန်းအနီး၊ လငန်းကျွန်းအနီး၊ ကော့ရဲကြီး ကျွန်းအနောက်ဘက်၊ လန်ပိကျွန်းအနီး၊ ကော့ရဲငယ်ကျွန်းနှင့် ဆင်ကျွန်းအကြား စသည့်နေရာများတွင် လည်းကောင်း၊ ကျွန်းစုမြို့နယ်တွင် မင်းကြီးကျွန်း၊ ကျားကြီးအော်၊ ဒုံးပုလဲအော်၊ သမီးလှကျွန်း စသည့် နေရာများတွင်လည်းကောင်း တရားမဝင် ကမ်းနီး ဝင်ရောက်ငါးဖမ်းဆီးမှုများ အဓိကဖြစ်ပေါ်လျက် ရှိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

တရားမဝင်/စည်းကမ်းပျက် ငါးဖမ်း/ငါးသယ် ရေယာဉ်များအား အရေးယူဆောင်ရွက်ရာတွင် ထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရေး ဥပဒေရေးရာဝန်ကြီးဌာန၏ သဘောထားအကြံပြုချက်များ ရယူပြီး မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ယခင် ချမှတ်ခဲ့သော ပြစ်ဒဏ်ထက် ပိုမိုထိရောက်သော ပြစ်ဒဏ်သတ်မှတ်ချက်များကို ထုတ်ပြန်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင်မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေကို ခေတ်နှင့်အညီဖြစ်စေရေး အတွက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အသစ်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားသည်။

မြစ်သားမဲဆန္ဒနယ်မှ ဦးစန်းမြင့်၏ ကူမဲမြို့- ရန်ကုန်-မန္တလေးလမ်းမှ ကင်းတားဆည်သို့ ဆက်သွယ် ထားသော ကတ္တရာလမ်းကြီး ပျက်စီးနေ၍ ထပ်ပိုးခင်းပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကူမဲမြို့ ရန်ကုန်-မန္တလေးလမ်းမကြီးမှ ကင်းတားဆည်သို့ ဆက်သွယ်ဖောက်လုပ်ထားသော ၂၁ မိုင် ကတ္တရာလမ်းကြီးသည် ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ရှိ ကူမဲမြို့အနီးမှ ကင်းတားဘက်စုံရေလှောင်တမံသို့ ဆက်သွယ်ထား သောလမ်းဖြစ်ပြီး အရှည် ၂၁ မိုင်၊ အကျယ် ၁၈ ပေ ရှိသည့် ကတ္တရာလမ်းအမျိုးအစားဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ အနီးပတ်ဝန်းကျင် ကျောက်တောင်များမှ မြစ်သားမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့ရှိ ကျေးရွာများသို့ ကျောက်ထုတ်လုပ်သယ်ပို့ခြင်း၊ ဂဝံမြေများ သယ်ပို့ခြင်း၊ ချောင်းရိုးများမှ သဲထုတ်လုပ် သယ်ပို့ခြင်းလုပ်ငန်းများ အသုံးပြုခြင်းကြောင့် ကတ္တရာများပေါက်ပြဲခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ကူမဲမြို့မှ ကင်းတားရေလှောင်တမံသို့ ဆက်သွယ်ဖောက်လုပ်ထားသော ၂၁ မိုင် ကတ္တရာ လမ်းကြီးတွင် ပြုပြင်ရန်လိုအပ်သည့် ခြောက်မိုင် ခုနစ် ဖာလုံကို လမ်းမျက်နှာပြင်အကျယ် ၁၈ ပေဖြင့် ကတ္တရာ လမ်းအဖြစ် ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပြည်ထောင်စု(သို့မဟုတ်) တိုင်းဒေသကြီးရန်ပုံငွေတွင် ဘဏ္ဍာနှစ်အလိုက် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအခြေအနေပေါ်မူတည်၍ ဦးစားပေးအစီအစဉ် အရ အပိုင်းလိုက် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။

ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားထုတ်လုပ်မှုကဏ္ဍတိုးတက်ရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ၂၀၂၆-၂၀၃၀ အရ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအမံအဖြစ် တိရစ္ဆာန်ကာကွယ်ဆေးများထုတ်လုပ် ခြင်း၊ ရောဂါစောင့်ကြည့်စစ်ဆေးခြင်း၊ တန်ဖိုးမြှင့် မွေးမြူရေး ထုတ်ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲထားရှိခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်လမ်းညွှန်ချက်များ ပြုစုခြင်း နှင့် လက်တွေ့လိုက်နာကျင့်သုံးခြင်း၊ ကျေးရွာအခြေပြု တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပေါ်ထွက်လာရန် အားပေးဆောင်ရွက်ခြင်း၊ စားကျက်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ဖော်ထုတ်ခြင်း၊ အသေးစား မွေးမြူရေးလုပ်ငန်းများ ဒေသမျိုးရင်း ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်များကို မွေးမြူရေးစံပြကွက်များ တည်ထောင်ပြသခြင်း၊ နို့စားနွားမွေးမြူရေးအတွက် လိုအပ်သော အကူအညီများကို တောင်သူများလက်ဝယ်သို့ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

အလားတူ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မွေးမြူထုတ်လုပ်မှု အခြေအနေနှင့် စားသုံးမှုအား ချိန်ညှိနိုင်ရန် ရည်ရွယ်၍ တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိခြင်း၊ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များ တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်းဆောင်ရွက်ခြင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာစေရေး၊ တိရစ္ဆာန် များ၏ အသား၊ နို့၊ ဥ ထုတ်လုပ်နိုင်စွမ်းမြင့်မားစေရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း၊ နေပြည်တော်အား ဗဟိုပြုပြီး ဆက်စပ် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပြီး အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ သိုး၊ ဆိတ်၊ အသားတိုး ဝက်၊ ဥစားကြက်၊ ဒေသကြက် တိုးချဲ့မွေးမြူရေး၊ နို့နှင့် နို့ထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ စီးပွားဖြစ်မွေးမြူသူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝန်ကြီးဌာန၏ အရင်းမပျောက် မတည်ငွေဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးပြီး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူသူများအတွက် မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာများ ထူထောင်ပေးခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားထုတ်လုပ်မှုကဏ္ဍတိုးတက်ရေး၊ ကုန်ဈေး နှုန်းကျဆင်းရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ဇူလိုင် ၁၃ ရက် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်