နေပြည်တော် ဇူလိုင် ၁၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့ မြို့တော်ခန်းမ၌ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ကော်မတီဝင်များနှင့်အတူ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ ၂၃၃ ဦးအတွက် ဆန် ၇၂ အိတ်နှင့် ဆီ ၂၇၃ ပိဿာ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများကိုယ်စား မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး လိုအပ်ချက်များကိုတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး အားပေးစကားပြောကြားသည်။
ယင်းနောက် ဖလမ်းမြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့ ရောက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးဆောင်ရွက်မှု၊ ငါးနှစ်အောက်ကလေးများ တိုးချဲ့ကာကွယ်ဆေးထိုးဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ဆေးခန်းအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ယနေ့ထိ ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင် ၃၄ ဦးနှင့် ငါးနှစ်အောက်ကလေး ၉၂ ဦးအား ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် ကိုယ်ဝန်ဆောင်မိခင် ၁၅၈၀၂ ဦးနှင့် ငါးနှစ်အောက်ကလေး ၇၇၈၀ အား ကာကွယ်ဆေးထိုးပေးခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ငါးနှစ်အောက်ကလေးများအတွက် လိုအပ်သည့်ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
