ရန်ကုန် ဇူလိုင် ၁၄
ကိုရီးယားနိုင်ငံအခြေစိုက် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO) နှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားသစ်တောသိပ္ပံသုတေသနဌာန (NIFoS) တို့ ပူးပေါင်းကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဒီရေတောဂေဟစနစ် ပြန်လည်တည်ထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC) ၌ ကျင်းပသည်။
ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးက အမှာစကားပြောကြားပြီး AFoCO အတွင်းရေးမှူးရုံးမှ Programme Officer မစ္စစူဇင်ရန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
အစည်းအဝေးသို့ AFoCO အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ကိုရီးယားနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ NIFoS နှင့် AFoCO အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အစည်းအဝေးကို ဇူလိုင် ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနနှင့် တိုက်ကြီးမြို့နယ် ဥက္ကံကြိုးဝိုင်းအတွင်း စိုက်ပျိုးထားသည့် စီးပွားရေးကျွန်းစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
