နေပြည်တော် ဇူလိုင် ၄
၂၀၂၆ ခုနှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန် ၂၅ ရက်မှ စတင်ကျင်းပလျက်ရှိရာ တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပသည်။
အဆိုပါဗိုလ်လုပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်နှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြစ်ကြီးနားဇုန်အသင်းနှင့် မော်လမြိုင်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲအပြီးတွင် မြစ်ကြီးနားဇုန်အသင်းက မော်လမြိုင်ဇုန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ နေရာအလိုက် တစ်ဦးချင်းအကောင်းဆုံးအားကစားသမားဆုများကို ညွှန်ကြားရေးမှူးချုပ်များက ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်းကို ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် မော်လမြိုင်ဇုန်အသင်းကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်း ကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပထမဆုရရှိသည့် မြစ်ကြီးနားဇုန်အသင်းကို ပြည်ထောင်စုဝန်ကြီးက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
