Skip to main content

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်ဖွင့်ပွဲ တက်ရောက်

နေပြည်တော် ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ်၌ကျင်းပသည့် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးအစီအစဉ်ဖွင့်ပွဲသို့ တက်ရောက်သည်။

ဦးစွာ ကျိုင်းတုံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်မည့် စာတတ်မြောက်ရေးလုပ်ငန်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်ရှစ်မြို့နယ်တွင် စာသင်သားစာရင်းကောက်ယူရရှိထားသူ ၈၈၈ ဦးကို စာသင်ဝိုင်းပေါင်း ၇၇ ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားပေးနည်းပြနှင့် ကြီးကြပ်သူပေါင်း ၁၃၅ ဦးတို့က ရက် ၄၀ ကြာ နေ့စဉ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ကျောင်းပြင်ပ ပညာရေးကဏ္ဍများအကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် အာခါတိုင်းရင်းသားရေးရာဝန်ကြီးတို့က ဂုဏ်ပြုဖျော်ဖြေခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုငွေနှင့် စာသင်သားများအသုံးပြုမည့် စာသင်ဝိုင်းသုံးပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်ကို နေရာပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ကျိုင်းတုံတက္ကသိုလ်၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ပညာရေးမိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ပညာရေးမိသားစုများအတွက် ထောက်ပံ့ငွေကျပ် သိန်း ၅၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်