နေပြည်တော် ဇူလိုင် ၂၁
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်အတွင်း တည်ရှိသည့် ကင်းတားဆည် လက်ဝဲမြောင်းမကြီးမှ ယခုနှစ် မိုးစပါးဧက ၅၂၀၇၀ နှင့် အခြား မိုးသီးနှံ ၃၄၉၄ ဧကကို စိုက်ပျိုးရေ ပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိပြီး စမုံရေငုပ်ပြွန်အောက်ပိုင်းရှိ စိုက်ပျိုးဧရိယာ ၄၂၄၃၉ ဧကကို ဇူလိုင်လဒုတိယပတ်မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း၊ စမုံရေငုပ်ပြွန်မှ မိတ္ထီလာလွင်ပြင်ဒေသအတွင်း တိုးချဲ့စိုက်ပျိုးရန်လျာထားသည့် စိုက်ပျိုးဧရိယာများအတွက်ပါ စိုက်ပျိုးရေ တိုးချဲ့ပေးဝေသွားမည်ဖြစ်သည်။
အဆိုပါ စမုံရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ပြီးစီးမှုကို ဇူလိုင် ၂၀ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် မြစ်သားမြို့နယ် သပြေတောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ဝင်ငွေရသီးနှံများ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးသည့်သီးနှံများ အထွက်ကောင်းရေး၊ ရိတ်သိမ်းသိုလှောင်ခြင်းလုပ်ငန်းများတွင် သီးနှံလေလွင့်မှုမရှိရေး ဂရုပြုဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်
