နေပြည်တော် ဇွန် ၁၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့များရှိ ပျမ်းမျှယူနစ်ဖြင့် ဓာတ်အားခကောက်ခံလျက်ရှိသည့် နှစ်ကြာ/ ရပ်ပျက်နှေးမီတာများနှင့် LNG နှုန်းဖြင့် ကောက်ခံလျက်ရှိသည့် Analog မီတာများအား AMI မီတာများဖြင့် လဲလှယ်ခြင်း၊ လက်ရှိတပ်ဆင်အသုံးပြုထားသော Digital မီတာအတွင်းရှိ ဓာတ်အားသုံးစွဲခဲ့မှုမှတ်တမ်းအချက်အလက်များအား Download ရယူခြင်း၊ AMI CT မီတာများအား SIM Card များထည့်၍ Control Center ဖြင့် ချိတ်ဆက်ခြင်း၊ မီတာများတွင် တပ်ဆင်ထားသော Seal မှတ်တမ်းများအား ESE Billing Server နှင့် ချိတ်ဆက်ခြင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန်အတွက် AMI Monitoring and Control Center ကြီးကြပ်ရေးအဖွဲ့မှ မေ၂၅ ရက်မှ စ၍ သွားရောက်စစ်ဆေးလျက်ရှိသည်။
ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့တို့တွင် အသုံးပြုလျက်ရှိသည့် စီးပွားရေးလုပ်ငန်းသုံး မီတာ ၅၂ လုံးတို့အနက် မသမာသောနည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲသူ ၁၃ ဦးကို စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။ မသမာသောနည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲသည့်ဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် နေ့စဉ်လူဦးရေ ၃၆၆၉ ဦးခန့် လျှပ်စစ်မီးသုံးစွဲခွင့်မရရှိခြင်းနှင့်ညီမျှသော လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၁,၂၀၅,၂၆၆ (တစ်သန်း နှစ်သိန်း ငါးထောင်နှစ်ရာခြောက်ဆယ့်ခြောက်ယူနစ်) ဆုံးရှုံးခဲ့ရပြီး ငွေကျပ် ၇၈၅ သန်းကျော် ဆုံးရှုံးနစ်နာစေခဲ့သဖြင့် လျှပ်စစ်မီတာများကို ချက်ချင်းပိတ်သိမ်းခဲ့ကာ လျှပ်စစ်ဥပဒေနှင့်အညီ နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိရေး ဆောင်ရွက်နိုင်ခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့ သွားရောက်စစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျစွာ သတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုများ သိသာစွာလျော့နည်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ယင်းသို့ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ပိုမို၍ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်
