Skip to main content

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားများကျင်းပ

နေပြည်တော် ဇူလိုင် ၂၃

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသခံပြည်သူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ညမနား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့်တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အလားတူ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲများကို သက်ဆိုင်ရာတပ်နယ်များ၌ အသီးသီးကျင်းပပြုလုပ်ကြရာ တပ်နယ်အသီးသီးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသခံတိုင်းရင်းသားပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။