နေပြည်တော် ဇွန် ၁၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အာကာသမြို့တော် (Aerospace City)သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Aerospace City အတွင်းရှိ တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း(CASC)၌ Aerospace City ၏ အမှုဆောင်ချုပ် မစ္စတာကျိုးကျဲနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်ခန်းမဆောင်တွင် Aerospace City မှ အမှုဆောင်ချုပ်က ယခုကဲ့သို့ တရုတ်အာကာသ သိပ္ပံနှင့်နည်းပညာကော်ပိုရေးရှင်း (CASC) သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ လာရောက် လေ့လာမှုအပေါ် များစွာဂုဏ်ယူဝမ်းမြောက်ရပါ ကြောင်း၊ မြန်မာ - တရုတ် နှစ်နိုင်ငံနှင့် ပြည်သူများသည် နှစ်နိုင်ငံနိုင်ငံ့ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ဆက်ဆံရေးအထူးကောင်းမွန်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ပြည်သူများမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး အေးအတူပူအမျှ အပြန်အလှန်ဖေးမကူညီကြသော ကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုပင်ဖြစ်ပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် Aerospace City မှ အမှုဆောင်ချုပ် နှင့် တာဝန်ရှိသူများက Aerospace City ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး Aerospace City ဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသရာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ သည် Exhibition Hall အတွင်းရှိ Aerospace City ၏ သမိုင်းကြောင်းဆိုင်ရာ ပြခန်း၊ Baidu Navigation System ပြခန်း၊ Telecommunication System ပြခန်း၊ Earth Remote Sensing(ERS) ဆိုင်ရာပြခန်း၊ အာကာသယာဉ်မှူး လေ့ကျင့်ရေးစနစ်ဆိုင်ရာပြခန်း တို့အား ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြရာ Aerospace City မှ အမှုဆောင်ချုပ်နှင့် ပြခန်းများအလိုက် တာဝန်ရှိသူများက တရုတ်နိုင်ငံမှ အာကာသအတွင်းသို့ အာကာသယာဉ်များ လွှတ်တင် နိုင်ခဲ့မှုသမိုင်းကြောင်းဆိုင်ရာများနှင့် မြေပြင်သို့အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့မှုများ၊ အာကာသစခန်းတည်ဆောက်နိုင်ခဲ့မှုများ၊ လပေါ်သို့အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့မှု၊ ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ခဲ့မှုများ၊ အာကာသယာဉ်များ၏ စွမ်းဆောင်ရည်များ၊ သမိုင်းကြောင်းဆိုင်ရာအချက် အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
အဆိုပါ Aerospace City သည် ပေကျင်းမြို့ Haiden District ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး “Project 921” ဟု မကြာခဏရည်ညွှန်းလေ့ရှိကာ အာကာသယာဉ်မှူးလေ့ကျင့်ရေး အခြေစိုက်စခန်းနှင့် မစ်ရှင်ထိန်းချုပ်ရေးစင်တာတစ်ခုဖြစ်သည်။ အဆိုပါ အဆောက်အအုံသည် ပေကျင်းအနောက်မြောက်ပိုင်းရှိ ၂ ဒသမ ၃ စတုရန်းကီလိုမီတာ (ဧက ၅၇၇) ကျယ်ဝန်းသော မြေပေါ်တွင်တည်ရှိသော ကြီးမားသည့် ကျောင်းဝင်းတစ်ခုဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ပေကျင်းအာကာသထိန်းချုပ် ရေးစင်တာ (Beijing Aerospace Control Centre - BACC)၊ တရုတ်အာကာသ နည်းပညာအကယ်ဒမီ (China Academy of Space Technology - CAST)နှင့် တရုတ်အာကာသယာဉ်မှူးစင်တာ (Astronaut Centre of China - ACC) တို့၏ အခြေစိုက်ရာနေရာဖြစ်သည်။
Aerospace City အတွင်းရှိ တရုတ်အာကာသသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်း (CASC)သည် တရုတ် ဗဟိုအစိုးရမှ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော နိုင်ငံတော်ပိုင် အဆင့်မြင့်နည်းပညာအဖွဲ့အစည်း တစ်ခုဖြစ်၍ တရုတ်အာကာသ အစီအစဉ်များကိုအဓိကဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ကာကွယ်ရေးနှင့် အာကာသဆိုင်ရာ စူးစမ်းလေ့လာမှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း၊ အာကာသစနစ်များအတွက် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီစုစုပေါင်း ၅၀၀ ပေါင်းစည်း၍ သုတေသန၊ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့်ဂြိုဟ်တု လွှတ်တင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ CASC သည် အာကာသပို့ဆောင်ရေးစနစ်အနေဖြင့် တရုတ်အာကာသပျံသန်းမှု၏ အဓိကမဏ္ဍိုင်ဖြစ်သော ချန်ကျန်း(Changzheng) တာဝေးပစ်ဒုံးယာဉ်များ၏ ဒီဇိုင်းပြုလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်း၊ မောင်းနှင်သူ လိုက်ပါသော အာကာသယာဉ်ပျံသန်းရေးနှင့် စူးစမ်းလေ့လာရေးလုပ်ငန်းများအနေဖြင့် ထျန်းကုန်း (Tiangong) အာကာသစခန်း တည်ဆောက်ခြင်း၊ ချန်အာ(Chang'e) လသို့ စူးစမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ထျန်းဝမ်(Tianwen)မားစ်သို့ စူးစမ်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဂြိုဟ်တုစနစ်များဖြစ်သည့် ပေသို (BeiDou) ဂြိုဟ်တု စနစ်ပတ်လမ်းကြောင်း အပါအဝင် ကောင်းဖန်း (Gaofen) ကမ္ဘာကို လေ့လာသော ဂြိုဟ်တုနှင့် ဆက်သွယ်ရေးဂြိုဟ်တုများထုတ်လုပ်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး အာကာသ နည်းပညာအသုံးချမှုအနေဖြင့် သတင်းအချက် အလက်နည်းပညာ၊ စွမ်းအင်သစ်၊ အဆင့်မြင့် ထုတ်ကုန်များနှင့်ပတ်ဝန်းကျင် အကာအကွယ်ပေးရေးဆိုင်ရာ အထောက်အကူပြုကိရိယာများ ထုတ်လုပ်ခြင်းတို့ကို အရပ်ဘက်ကဏ္ဍများအထိ နည်းပညာ ကျယ်ပြန့်စွာအသုံးချနိုင်ရေးတို့အတွက် အဓိကထားဆောင်ရွက်လျက်ရှိကြောင်းသိရှိရပြီး မြန်မာနိုင်ငံသို့လည်း အာကာသနည်းပညာဆိုင်ရာများ ဖြန့်ဝေပေးခြင်း၊ အာကာသနည်းပညာဆိုင်ရာ ပညာတော်သင် သင်တန်းသားများ ခေါ်ယူလေ့ကျင့်သင်ကြားပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် သစ်တော၊ ရာသီဥတု၊ ရေအရင်းအမြစ်နှင့် ပထဝီဆိုင်ရာအချက်အလက်များကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ တိုးတက်မြင့်မား အောင်ဆောင်ရွက်ခြင်းတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံ၏ လူလိုက်ပါသောအာကာသယာဉ် (Manned Spaceflight) အာကာသယာဉ်မှူးလေ့ကျင့် ရေးစနစ်ဆိုင်ရာပြခန်းအတွင်း လေ့လာကြည့်ရှုကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Aerospace City မှ အမှုဆောင်ချုပ်နှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
