Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

နေပြည်တော် ဇူလိုင် ၁၉

၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာချောချောစိန်၊ ဦးထိန်လင်း၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်တို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေချ၍ အလေးပြုကြသည်။

ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍လည်းကောင်း အလေးပြုကြပြီး နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေကြသည်။

ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုပြီး မေတ္တာပို့သအမျှပေးဝေကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းချုပ်၊ မြန်မာနိုင်ငံပိုးကရင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အာရှိနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ခရစ်ယာန်ကလျာဏယုဝအသင်း၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံဟိန္ဒူအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးပြုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဖူးလ်ဂေါ်စပယ်အသင်းတော်အဖွဲ့ချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ သနာန္တနဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံး၊ မြန်မာ့မွတ်စလင်အမျိုးသားရေးအဖွဲ့ဌာနချုပ်၊ မြန်မာ့မွတ်စလင်လူငယ်များအဖွဲ့ဌာနချုပ်၊ မြန်မာ့မွတ်စလင်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ စားသုံးသူသမဂ္ဂ၊ မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း(ဗဟို)၊ မြန်မာ-အိန္ဒိယ အပြည်အပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်၊ ရှင်သန်ရေးကူညီမှုအသင်း၊ အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ် အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ယင်းနောက် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများက စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကိုအောက်မေ့သတိရသောအားဖြင့် ဂါရဝပြုကြသည်။

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲအချက်ပေးခဲ့သည်။

ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။