Skip to main content

စည်းစနစ်တကျ အမှိုက်စွန့်သည့်အလေ့အထ အခြေခံပညာကျောင်းများမှစ၍ ပျိုးထောင်

လူတို့စွန့်ပစ်သည့်အမှိုက်များမှာ လူနှင့်နီးရာရပ်ရွာပတ်ဝန်းကျင်များတွင်သာမက ကမ္ဘာ့သမုဒ္ဒရာကြီးများ အလယ်ထိပင်ရောက်ရှိနေသည်။ အမှိုက်များဝန်းရံနေသည့် ပတ်ဝန်းကျင်သည် ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေရုံသာမက စိတ်ပိုင်းဆိုင်ရာခံစားမှုကိုလည်း မကောင်းသည့်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး၊ လူနေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားများ၊ ရေနုတ်မြောင်းများမှာ စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များ မြင်မကောင်းအောင် ထူထပ်ပိတ်ဆို့လျက်ရှိရာ စည်ပင်ဝန်ထမ်းများ၊ အများအကျိုးဆောင် အဖွဲ့အစည်းများက မည်မျှပင်ရှင်းလင်းပေးကြစေကာမူ မကြာခင်မှာပင် အမှိုက်များက ပြန်လည်ဖုံးလွှမ်းသွားမြဲဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးရွာသွန်းခဲ့ရာ ရန်ကုန်ရှိမြို့နယ်အချို့တွင် မြောင်းလုံးပြည့် အမှိုက်များစီးမျောသည့်မြင်ကွင်း၊ ရေနုတ်မြောင်းများမှလျှံတက်လာသည့်ရေများ လမ်းမများပေါ်နှင့် လူနေရပ်ကွက်များအတွင်း ဝင်ရောက်သည့်မြင်ကွင်းများကို တွေ့ရသည်။ ဤပြဿနာ၏အရင်းခံမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုပင်ဖြစ်ပြီး ခေတ်အဆက်ဆက် မရှင်းနိုင်သေးသည့် ပြဿနာလည်းဖြစ်သည်။ အမှိုက်ဟု အလွယ်ခေါ်ကြသည့် စွန့်ပစ်ပစ္စည်း များကို စနစ်တကျမစွန့်ပစ်ဘဲ စည်းကမ်းမဲ့စွာ ပစ်ချင်သလိုပစ်နေကြခြင်းက ပတ်ဝန်းကျင်ရှိ ရေထု၊ မြေထု၊ လေထုတို့ကို ညစ်ညမ်းမှုဖြစ်ပေါ်စေသည်ကို အလေးအနက်ထားကြဖို့လိုသည်။ ကျေးလက်ဒေသများ၌ပင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို စနစ်တကျပြုလုပ်ကြပြီး အမှိုက်ကင်းစင် စံပြကျေးရွာများ ပေါ်ထွက်လျက်ရှိရာ မြို့ကြီးပြကြီးတွင် နေထိုင်ကြသူများက ပို၍ပင်စံပြဖြစ်ထိုက်ကြသည်။

“ကျောင်းနေအရွယ်မှစ၍ ရေ၏တန်ဖိုးကို သိရှိနေရန်လိုကြောင်း၊ အမှိုက်များစနစ်တကျ စွန့်ပစ်မှုမရှိခြင်းကြောင့် ရေများညစ်ညမ်းမှုဖြစ်သည်ကို သိရှိရန်လိုကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများတွင် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုများဖြင့် ပညာပေးသင်ကြား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကျောင်းသားကျောင်းသူလူငယ်များအနေဖြင့် အမှိုက်ကိုစနစ်တကျစွန့်ပစ်သည့် Mindset ကို ရရှိသည်အထိ ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံတွင် သဘာဝရေချိုအရင်းအမြစ်ပေါများသော်လည်း လူတို့၏ပယောဂကြောင့် အဆိုပါ ရေအရင်းအမြစ်များမှာ ပျက်စီးမည့်အန္တရာယ် ခြိမ်းခြောက်မှုများရှိနေသည်။ မြစ်ဖျားပိုင်းဒေသများ၊ မြစ်ကမ်းပါးများ စသည်တို့တွင် ရွှေနှင့်အခြားသတ္တုများကို စက်ယန္တရားအင်အားများအသုံးပြု၍ ရှာဖွေခြင်း၊ ဖြုန်းမြေစာများ၊ အဆိပ်သင့် ဓာတုပစ္စည်းများစွန့်ပစ်ခြင်း၊ မြစ်ကမ်းပါးတစ်လျှောက်ရှိ မြို့ရွာများမှ အမှိုက်များ၊ စက်မှုစွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွာစွန့်ပစ်ခြင်း စသည်တို့ကြောင့် မြစ်ချောင်း၊ အင်းအိုင်များနှင့် မြေအောက်ရေတို့ ညစ်ညမ်းမှုတို့ဖြစ်ပေါ်စေသည်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှု တားဆီးကာကွယ်ရန်၊ ရေအရည်အသွေးကို မျက်ခြည်မပြတ်စစ်ဆေးရန် ရေတိုအားဖြင့်လိုအပ်သကဲ့သို့ ရေရှည်တွင် တစ်မျိုးသားလုံး အမှိုက်ကိုစနစ်တကျစွန့်ပစ်သည့် အလေ့အကျင့် စွဲမြဲစေရေးအတွက် အခြေခံပညာကျောင်းသားအရွယ်မှစတင်ကာ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်သည်။

ကျေးလက်ဒေသတစ်ခုတွင် ကျောင်းမှစတင်၍ ကျောင်းသူကျောင်းသားများကို စည်းစနစ်ကျနစွာ အမှိုက်စွန့်ပစ်တတ်စေရန် လေ့ကျင့်သင်ကြားပေးပြီး အလေ့အကျင့်စွဲမြဲစေခြင်းအားဖြင့် မိဘများကပါ လိုက်ပါဆောင်ရွက်လာကြပြီး အမှိုက်ကင်းစင်သန့်ရှင်းသည့် ကျေးရွာဖြစ်လာသော သာဓကရှိသည်။ အမှိုက်ကင်းစင်သည့် ရပ်ရွာတစ်ခုဖြစ်လာစေရန်မှာ ရပ်ရွာနေသူအားလုံးက ကိုယ်စီတာဝန်အဖြစ်ခံယူပြီး အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက် စနစ်တကျခွဲခြားခြင်း၊ ရပ်ရွာအမှိုက်စွန့်ပစ်ရေး ကော်မတီများဖွဲ့စည်း၍ အိမ်တိုင်ရာရောက် အမှိုက်သိမ်းဆည်းခြင်း၊ လူနေအိမ်များနှင့် ဝေးကွာပြီးသင့်လျော်သည့်နေရာတွင် အမှိုက်ကျင်း၊ အမှိုက်ကန်တို့ကိုထားရှိခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ရပ်ရွာနေထိုင်သူများအား အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခြင်း စသည်တို့လိုအပ်သည်။

အလွယ်တကူ စည်းမဲ့ကမ်းမဲ့စွန့်ပစ်လိုက်သည့် အမှိုက်များကြောင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းပြီး အနံ့ဆိုးများဖုံးလွှမ်းလျက် ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ်စသည့် သတ္တဝါများနှင့်အတူနေထိုင်ကာ ရောဂါအမျိုးမျိုးတို့ စွဲကပ်ခံနေကြရမည့်အစား မိမိအိမ်မှထွက်သည့်အမှိုက်ကို မိမိတာဝန်ယူ၍ စနစ်တကျစွန့်ပစ်ပြီး သန့်ရှင်းစွာနေထိုင်ကြခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာကြပါစေကြောင်း။ ။