Skip to main content

မြန်မာနှင့် မလေးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲကျင်းပ

နေပြည်တော် မေ ၁၉

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ယနေ့တွင် နေပြည်တော်၌ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုဆရီ ဥတမဟာဂျီမိုဟာမက် ဘင်ဟာဂျီဟာဆန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး MGallery Hotel ၌ အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

သတင်းစဉ်