မကွေး မေ ၁၄
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ခံပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဗိုလ်မင်းရောင်ခန်းမ၌ တွေ့ဆုံသည်။
အခြေအနေများအပေါ် သုံးသပ်
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုမဏ္ဍိုင်ခိုင်မာရေးနှင့် ဥပဒေအကာအကွယ်အောက်တွင် ပြည်သူများ အေးချမ်းစွာနေနိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေသော ပြည်သူ့ကိုယ်စား လှယ်များဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ယခုအခါ ရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်များပေါ်ပေါက်လာပြီးဖြစ်သည့်အတွက် လွှတ်တော်၏ကဏ္ဍကို ပြည်သူများပိုမိုသိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုပေါ်ပေါက်လာသည့် လွှတ်တော်များသည် မဲဆန္ဒရှင်ပြည်သူများက အခက်အခဲအကျပ်အတည်းကြားထဲမှ မိမိတို့ဆန္ဒအမှန်ကို ရဲရဲတင်းတင်းဖော်ထုတ်သည့်အနေဖြင့် ကိုယ်တိုင်ဆန္ဒမဲပေးရွေးချယ်ခဲ့ခြင်းကြောင့် အထမြောက် အောင်မြင်စွာဖြစ်မြောက်ခဲ့သည့် ရွေးကောက်ပွဲ၏ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ကိုမဲပေးခဲ့သည့် မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်များကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်သည် ဥပဒေပြုရေးဖြစ်သည့်အတွက် နိုင်ငံတော်တိုးတက်ရေးနှင့် ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများကို မိမိတို့လွှတ်တော်သက်တမ်းတွင် ပိုမိုပြီးပြည့်စုံအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ်သုံးသပ်ပြီး နေ့စဉ် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံစိတ်ချစွာနေနိုင်သည့် ဥပဒအသစ်များကိုလည်း ပြဋ္ဌာန်းနိုင်ရေးသုံးသပ် ဆောင်ရွက်ကြစေလိုပါကြောင်း။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်သည် အစိုးရနှင့် ပြည်သူလူထုအကြား ပေါင်းကူးဆောင်ရွက်ပေးရသည့် ကြားခံအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထု အေးချမ်းသာယာရေးအတွက် ယခင်ဖျက်သိမ်းခဲ့သည့်ဥပဒေများအား ပြန်လည်စိစစ်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်တွင် အမြဲတမ်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ လာမည့် လွှတ်တော်အစည်းအဝေးတွင် ယာယီကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လွှတ်တော်တွင်ဖွဲ့စည်းထားသည့် ကော်မတီများက လွှတ်တော်လုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရန် အဓိကအထောက်အကူပြုရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့လွှတ်တော်သည် နိုင်ငံတကာ ပါလီမန်များအဖွဲ့နှင့် အာဆီယံပါလီမန်များညီလာခံ၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် ပူးပေါင်းဆောင် ရွက်သွားရမည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်အစိုးရက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက် (၁၀၀) စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့လုပ်ဆောင်နိုင်သည့်အခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်း၊ ပြည်သူလူထုအကျိုးကို ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ရုံးများဖွင့်လှစ်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အခန်းကဏ္ဍကို ပြည်သူများပိုမိုသိရှိစိတ်ဝင်စားလာစေရန်အတွက် လွှတ်တော်၏ဆောင်ရွက်ချက်များကို လူကြီးလူငယ်မရွေး၊ နိုင်ငံအကျိုးပြုအဖွဲ့အစည်းများအပါအဝင် အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များအား လွှတ်တော်၏ဆောင်ရွက်ချက်များကို မျက်မြင်ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လွှတ်တော်၏ဆောင်ရွက်ချက်များအား သတင်းစာ၊ မီဒီယာများမှတစ်ဆင့် တိတိကျကျ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားရန်လိုပါကြောင်း။
ပြည်သူနှင့်ထိတွေ့ရန် ကွင်းဆင်းဆောင်ရွက်ပြီး ပြည်သူ့အသံများကို လွှတ်တော်အတွင်းရောက်ရှိအောင် ဆောင်ရွက်ပေးကြသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း တိတိကျကျ လိုက်နာစောင့်ထိန်းကြရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများနှင့် အမြဲမပြတ်တွေ့ဆုံဆွေးနွေးကာ ပြည်သူများ၏တင်ပြချက်များကို အလေးထားမှတ်သားပြီး လွှတ်တော်တွင် ပြည်သူများ၏လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့မဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်က ပြည်သူကိုကတိပေးခဲ့သည့် အချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူကအားကိုးသည့် ဥပဒေပြုမဏ္ဍိုင်ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ကိုယ်စားလှယ်ရုံးဖွင့်လှစ်နိုင်ရေးနှင့် မဲဆန္ဒနယ်ဆိုင်ရာ လိုအပ်ချက်အခက်အခဲများကိုတင်ပြကြပြီး မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံသည်။
လိုအပ်သည်များမှာကြား
တွေ့ဆုံစဉ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက လွှတ်တော်တွင်ဖွဲ့စည်းထားသော ကော်မတီများ၏ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ကော်မတီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမအား ကြည့်ရှုစစ်ဆေးပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
သတင်းစဉ်
