Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) နှင့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (မန္တလေး) ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) သို့ရောက်ရှိပြီး ပုံနှိပ်စက်ရုံ (မန္တလေး) မှ ရိုက်နှိပ်ထုတ်ဝေသည့် စာအုပ်များ၊ Orient - I, II ပတ်လည်စက်၊ ရွက်ထိုးစက်၊ ကုန်ကြမ်းသိုလှောင်ထားမှု၊ ကော်ကပ်စက်၊ Gathering & Stitching ချုပ်စက်၊ ဓားစက်များ၊ Katana (Image Setter) စက်၊ ပုံကူးစက်နှင့် ပုံဖော်စက်များ၏ ကြံ့ခိုင်မှုနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီကောင်းမွန်ရေး၊ အထူးသဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို လက်ဆင့်ကမ်းအသုံးပြုနိုင်ရန်အထိ ပုံနှိပ်ထုတ်ဝေသွားရန်နှင့် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်သွားရန် မှာကြားသည်။

ထို့နောက် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (မန္တလေး) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝန်ရှိသူများက အနုပညာဗဟိုဌာနတည်ဆောက်မှု၊ ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ရန်ပုံငွေရရှိမှုအခြေအနေကို မေးမြန်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (မန္တလေး) အဆောက်အအုံတည် ဆောက်ရေးလုပ်ငန်းများအား အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်နေမှုနှင့် အပိုင်း (၁) တွင်ပါဝင်သည့် လုပ်ငန်းများပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်