Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များအသုံးပြုနိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ လွန်ကျော်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသို့သွားရောက်၍ ချည်မျှင်ရှည်ဝါသုတေသနစိုက်ခင်း၊ အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ဝါမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နေမှုနှင့်တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်မည့်နည်းစနစ်များ သရုပ်ပြစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တာဝန်ရှိသူများအားတွေ့ဆုံ၍ သုတေသနပြုတွေ့ရှိချက်များကိုအခြေခံသော တစ်ဧကအထွက်နှုန်းတိုးတက်စေမည့် ဝါစိုက်ပျိုးရေးနည်းစနစ်များ၊ ဓာတ်မြေဩဇာအသုံးပြုမှု၊ ပိုးမွှားကာကွယ်နှိမ်နင်းမှုဆိုင်ရာများ၊ မျိုးသန့်ရွေးချယ် အသုံးပြုနည်းနှင့် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို တောင်သူများနှင့် အနီးကပ်တွေ့ဆုံဆွေးနွေး ပညာပေးရန်တို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

ယင်းနောက် ကျောက်ဆည်မြို့နယ် အင်းဒိုင်းကျေးရွာအုပ်စုရှိ နွေစပါးမျိုးစေ့ထုတ် ဧက(၁၀၀)စိုက်ကွင်း၌ မျိုးစေ့ထုတ်တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရက စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှင့် ရောင်းချမည့်သီးနှံစျေးနှုန်း သင့်တင့်မျှတစွာဖြစ်စေရေး စီမံဆောင်ရွက်နေမှု၊ သွင်းအားစုအရည်အသွေးနှင့် စျေးနှုန်းမှန်ကန်မှုရှိစေရေး ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နေမှု၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွင် ပုံစံ(၇)အာမခံထား၍ စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူခြင်းအား ပိုမိုလွယ်ကူစေရန် ဖြေလျှော့ဆောင်ရွက်ပေးနေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ဦးလှမျိုးက မိုးစပါးစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာနှင့် စက်သုံးဆီလွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်စေရန် ဒေသအလိုက် စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးစီမံဆောင်ရွက်ထားမှုကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်