Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်များနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည် လဲ့လဲ့သိန်းသည် မေ ၃ ရက်တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တို့သို့ သွားရောက်၍ တက္ကသိုလ်အတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေးကို ဂရုပြု ဆောင်ရွက်ရန်မှာကြားသည်။

မေ ၄ ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး (Digital Transformation)အတွက် ခေတ်မီနည်းပညာရပ်များကို ကျွမ်းကျင်စွာ အသုံးချနိုင်သည့် အင်ဂျင်နီယာများနှင့် အိုင်တီပညာရှင်များဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်၊ ပညာရေး အရည်အသွေးမြှင့်တင်ရေးအတွက် Outcome-Based Education (OBE) စနစ်နှင့် ကိုက်ညီသော သင်ကြားသင်ယူမှုများ ဆောင်ရွက်ရန်၊ Learning Management System အား စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ နည်းပညာဆိုင်ရာ လက်တွေ့သုတေသန (Applied Research)များကို လုပ်ငန်းခွင်နှင့် ပေါင်းစပ်လုပ်ဆောင်ရန်နှင့် ကျောင်းသား ကျောင်းသူများအတွက် လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့သော တက္ကသိုလ်ပတ်ဝန်း ကျင်ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာခန်းနှင့် Lab ခန်းများ၊ စာသင်ဆောင်ပြင်ဆင် ထိန်းသိမ်းမည့်လုပ်ငန်းများ၊ ဝန်ထမ်းအိမ်ရာနှင့် ဘောလုံးကွင်း တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်