နေပြည်တော် ဧပြီ ၃၀
နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိနယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ကလေးတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနားစွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးမှ အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
