Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် ဧပြီ ၂၇

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

 

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည်-

၁။ နိုင်ငံသားတစ်ယောက်အနေနဲ့ပေါ့နော် ဒီပြည်သူ့စစ်မှုထမ်းကို ထမ်းဆောင်သင့်တယ်ထင်လို့ ကျွန်တော်လာပြီးတော့ ထမ်းဆောင်တာဖြစ်ပါတယ်။ ဘယ်လိုခံယူချက်လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ သူတွေပေါ့ယောကျ်ားသားတိုင်းက ဒီပြည်သူ့စစ်မှုထမ်းကို မည်သူမဆိုထမ်းဆောင်သင့်တယ်ထင်လို့ ကျွန်တော်လာရောက်ထမ်းဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်မိသားစုတွေကတော့ ပြည်သူ့စစ်မှုထမ်းကို လိုလိုလားလားနဲ့ပေါ့။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ပေါ့။ သူတို့ကတော့ တက်ရောက်စေချင်တယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း တက်ရောက်ချင်တဲ့စိတ်ရှိလို့ ပြည်သူ့စစ်မှုထမ်းကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ကိုယ်ဝါသနာပါတာလည်းဖြစ်သလို ကိုယ့်မိဘတွေကလည်း လိုက်ပြီးတော့ လိုက်လျောညီထွေစွာနဲ့ တိုက်တွန်းပေးတယ်။ ပြီးတော့ ဒီမှာအပေါင်းအသင်းဘော်ဒါတွေလည်းရှိတော့ ပိုပြီးတော့ ပျော်ရွှင်ရပါတယ်။ ပြည်သူ့စစ်မှုထမ်းကို ပြဋ္ဌာန်းလိုက်တဲ့ အချိန်မှာဆိုရင်တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို တာဝန်ယူကာကွယ်ရမယ်ဆိုပြီး သိရှိနားလည်လာပါတယ်။ ပြီးတော့ မျိုးချစ်စိတ်ဓာတ်နဲ့ နိုင်ငံကိုကာကွယ်ချင်တဲ့ စိတ်လည်းဖြစ်လာပါလိမ့်မယ်။

၂။ တာဝန်သိတတ်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်ကျရာတာဝန်ကို လာရောက်ထမ်းဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်သင်တန်းပြီးသွားလို့ တာဝန်ကျတဲ့ တပ်ဌာနတွေမှာ ကျွန်တော်တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့ ပြောချင်ပါတယ်။

၃။ ကျွန်တော်ကိုယ်တိုင်လည်း ဒီသင်တန်းကို တက်ရောက်ဖို့ စိတ်ပါဝင်စားစွာ လာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်။ အလွန်ကောင်းပါတယ်။ မြန်မာနိုင်ငံသားအားလုံးလည်း ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်အနေနဲ့သင်တန်းမှာ သင်ပြသွားမယ့် ဘာသာရပ်တိုင်းကို အကောင်းဆုံးနဲ့အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လေ့လာသွားပါမယ်။ ဒီသင်တန်းအပတ်စဉ် (၂၄) ပြီးဆုံးသွားရင် ကျွန်တော့်ရဲ့ ကျရာတာဝန်ကို၊ တပ်ရင်းကပေးတဲ့တာဝန်ကို အကောင်းဆုံးထမ်းဆောင်သွားပါမယ်။