နေပြည်တော် မတ် ၂၂
၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင် ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန်ရှိသော်လည်း အနာဂတ်တွင်ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန်ဖြစ်ပါသည်။
၂။ ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ (work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဖြစ်ပါသည်။
၃။ ဤကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့ အတည်ဖြစ်သည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
