Skip to main content

နယ်စပ်‌ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မတ် ၂၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေ‌ရေးတို့အတွက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ နှစ်စဉ်အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံ‌ငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် လွယ်ကိုးကျေးရွာအုပ်စု၊ လှည်းတိုးကျေးရွာရှိ စိုက်ပျိုးမြေ ဧက ၂၀ အတွက် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ရေရရှိရေးလုပ်ငန်းရေရှည်တည်မြဲကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို ကျေးရွာစိုက်ပျိုးရေးတာဝန်ခံများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် (‌တောင်ပိုင်း) အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၂၉ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် တောင်သူ ၁၇၁ ဦးတို့၏ စိုက်ပျိုးမြေ ၄၆၆ ဒသမ ၅ ဧကအတွက် စိုက်ပျိုးရေဖူလုံစွာရရှိ၍ ရာသီမရွေး သီးနှံများစိုက်ပျိုးနိုင်ပြီး ဖြစ်သည့်အတွက် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်