နေပြည်တော် မတ် ၂၀
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ၂၀၅၀ ပြည့်နှစ် လမ်းပြမြေပုံနှင့် ညွှန်ကြားချက်များအတိုင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီသည် နိုင်ငံတော်တွင် လျှပ်စစ်သုံး ယာဉ်(Electric Vehicle ၊ EV) ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အစိုးရစက်မှုလက်မှု သိပ္ပံ (အင်းစိန်)၌ ယမန်နေ့ မွန်းလွဲပိုင်းက EV Stakeholders များနှင့် ညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၆) ကို Hybrid စနစ်ဖြင့်ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအော်တိုမိုးတစ်(ဖ)အသင်းနှင့် ပြင်ပ EV အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ မီးခိုးငွေ့များထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှု၊ စက်သုံးဆီအတွက် နိုင်ငံခြားငွေကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့်အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှုအပါအဝင် အခြားဆုလာဘ်များကို ပြည်သူတို့ ရရှိခံစားနိုင်စေရေးအတွက် သက်ဆိုင်ရာရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်သွားကြရန်၊ ပြည်တွင်းထုတ်လုပ်ရေးကို မြှင့်တင်နိုင်ရေးအတွက် သုတေသနများ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ယနေ့ဆွေးနွေးပွဲသည် နိုင်ငံတော်တွင် ၂၀၂၂ ခုနှစ်က စတင်ခဲ့သည့် EV ကဏ္ဍ၏ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးအရွေ့တို့ကို ပိုမိုအရှိန်မြှင့်တင်နိုင်ရေးအတွက် EV Stakeholders များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရေးပါသော နိဒါန်းတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဖွင့်လှစ်ခဲ့ပြီးသော သင်တန်းများတွင် တက်ရောက်ခဲ့သည့် သင်တန်းဆင်းများက သင်တန်းအတွေ့အကြုံများနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက သုတေသနလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် EV အလုပ်ရုံအတွင်းရှိ လက်တွေ့လုပ်ငန်းများ လေ့ကျင့်ပေးရာတွင် အသုံးပြုနေသည့် အဆင့်မြင့် သင်ထောက်ကူမော်ကျူးများ၊ EV အမျိုးမျိုး၊EV ပြုပြင် ထိန်းသိမ်းရေး ကိရိယာများနှင့် Hand Tools များ၊ EV စာအုပ်များ ဖြည့်ဆည်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက ပြည်သူများ EV ကို သက်တမ်းပြည့် သုံးစွဲနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးကာ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်မည့် သင်တန်းများ၊ နည်းပညာလိုအပ်ချက်များကို အမှန်တကယ်ဖြည့်ဆည်းပေးနိုင်ကာ တက်ရောက်နိုင်မှုနှင့် ကိုက်ညီသည့် စိတ်ကြိုက် EV သင်တန်းများကို စံနှုန်းများနှင့်အညီ ဖွင့်လှစ်သွားနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
