နွေရာသီရောက်ရှိလာပြီး ပူပြင်းခြောက်သွေ့လာပြီဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ မြစ်ချောင်းများတွင် ရေစီးဆင်းမှုနည်းပါးလာသည့်အလျောက် ဆည်တမံများအတွင်းသို့လည်း ရေဝင်ရောက်မှု နည်းပါး လာပြီဖြစ်သည်။ သို့ဖြစ်ရာ ယခုကာလသည် ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေပေးဝေရေး စသည်တို့အတွက် တည်ဆောက်ထားသည့် ဆည်တမံများတွင်လည်း သိုလှောင်ထားသည့် ရေပမာဏလျော့ကျလာသည်နှင့်အမျှ ရေပေးဝေထုတ်လွှတ်မှုတို့ကို ချိန်ညှိရသည့် အချိန်ကာလဖြစ်သည်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဓာတ်အားထုတ်လုပ်မှု ထိန်းသိမ်းမောင်းနှင်ရသည့်အချိန်လည်းဖြစ်သည်။
ဓာတ်အားအသုံးပြုသည့်ဘက်တွင်မူ နွေရာသီကာလသည် ရာသီဥတုပူပြင်းမှုကြောင့် လေအေးပေးစက်များ၊ ပန်ကာများ ပို၍ အသုံးပြုခြင်း၊ ရေကိုပိုမိုသုံးစွဲလာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲသည့်ကာလဖြစ်သည်။ မိမိတို့နိုင်ငံတွင် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အားလိုအပ်ချက်မှာ ၄၆၆၄ မဂ္ဂါဝပ်ဖြစ်ပြီး လိုအပ်ချက်နှင့်အညီ ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ ၂ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံ ၁၂ ရုံ စုစုပေါင်း တပ်ဆင်စက်အင်အား ၆၇၂၅ မဂ္ဂါဝပ်ရှိပြီး စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်သည်။ လက်ရှိကာလအထိ ဓာတ်အားရရှိမှု ၇၀ ဒသမ ၄၃ ရာခိုင်နှုန်းရှိပြီး မီးသုံးစွဲသူ ၆၉ သိန်း ခန့်ရှိသည်။
နွေကာလသို့ ရောက်ရှိချိန်တွင် ဆည်အတွင်းသိုလှောင်ထားသည့် ရေများဖြင့် မိုးရွာသွန်းသည့် ဇွန်လသို့ ရောက်သည်အထိ ဓာတ်အားထုတ်လုပ်နိုင်ရန် ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးရခြင်းဖြစ်ရာ အချို့သော နေရာ/အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း ( Planned Load Shedding) အစီအစဉ်များကို (၁၈-၃-၂၀၂၆) ရက်မှ စတင်ပြုလုပ်ရမည်ဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ဓာတ်အားသုံးစွဲသူမိဘပြည်သူများအား အသိပေးပန်ကြားထားပြီး လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးပါရန်လည်း မေတ္တာရပ်ခံထားသည်။ စနစ်တကျ ချွေတာ သုံးစွဲကြရာတွင် လေလွင့်ပြုန်းတီးမှုမဖြစ်စေရန် ဂရုပြုခြင်း၊ မလိုအပ်ဘဲ သုံးစွဲမှုမပြုခြင်း၊ လိုအပ်ချက်နှင့်အညီ စနစ်တကျ အသုံးပြုခြင်းတို့ကို သတိပြုဆောင်ရွက်ကြရန်လိုသည်။
လူမရှိသည့်အချိန်တွင် အခန်းတွင်း၌ မီး၊ ပန်ကာ၊ လေအေး ပေးစက်၊ ရုပ်မြင်သံကြားစက်စသည်တို့ကို ဖွင့်ထားခြင်း၊ နေ့အချိန်တွင် လမ်းမီး၊ ဥယျာဉ်မီး၊ အိမ်ပြင်ပမီး၊ လူမရှိသည့်အခန်းမီးများ ပိတ်ရန် မေ့လျော့နေခြင်းစသည့် အပြုအမူမျိုးတို့မှာ ဓာတ်အားလေလွင့် ပြုန်းတီးမှုကိုဖြစ်စေသည်။ အဆောက်အအုံများကို လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များ၊ တံခါးများဖွင့်ထားခြင်းဖြင့် အပူလျော့နိုင်သည့်အခြေအနေရှိပါက ဖွင့်ထားကြရမည်ဖြစ်သော်လည်း ပြတင်းများ ပိတ်၊ လိုက်ကာများချကာ အလုံပိတ်ပြီး နေ့အချိန်တွင် မီးများဖွင့်၊ လေအေးပေးစက်များ ဖွင့်ထားခြင်းက လျှပ်စစ်ဓာတ်အားကို မလိုအပ်ဘဲ သုံးစွဲရာရောက်သည်။ ဓာတ်အားပြတ်တောက်သွားချိန်တွင် သုံးလက်စ မီးပူ၊ လျှပ်စစ်မီးဖို၊ ဒယ်နီစသည်တို့အပါအဝင် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို မမေ့မလျော့ ခလုတ်ပိတ်ရန်၊ ပလတ်ဖြုတ်ထားရန်လည်း သတိပြုကြဖို့လိုသည်။ နှစ်စဉ် ကြားသိနေကျ မီးလောင်မှုများတွင် မီးပျက်ချိန် ခလုတ်ပိတ်ရန် မေ့လျော့ထားသည့် မီးပူ၊ လျှပ်စစ်မီးဖို၊ ဟင်းချက်ဒယ်နီတို့က မီးပြန်လာချိန်တွင် အပူချိန်မြင့်တက်ကာ မီးလောင်မှုများမှာ အများအပြားပင်ဖြစ်ရာ သတိရှိကြမှ မီးဘေးအန္တရာယ်ကင်းဝေးနိုင်ကြမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ နိုင်ငံတစ်ဝန်းလုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ကြရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တစ်ဖက်တွင်လည်း အနှောင့်အယှက်အခက်အခဲများ၊ စိန်ခေါ်မှုများလည်း ရှိနေသည်။ ပြည်တွင်း၌ ရှိနေသည့် ဓာတ်အားထုတ်လုပ်သုံးစွဲနိုင်မည့် အရင်းအမြစ်များကို သုံးစွဲနိုင်ရေးတွင် ပြင်ပ ပယောဂမကင်းဟု ယူဆနိုင်သည့် မမှန်မကန် ခြောက်လှန့်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကို ပြည်သူလူထု အတွင်း ဖြစ်ပေါ်လာစေရန် ပြုလုပ်သူများ ရှိနေသကဲ့သို့ ဓာတ်အားလိုင်းများ၊ ဓာတ်အားပေးစက်ရုံများ၊ ထရန်စဖော်မာများ၊ ခွဲရုံများကို အကြမ်းဖက်ဖျက်ဆီးမှုများလည်း ရှိနေသည်။ လျှပ်စစ်ဓာတ်အား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် တစ်ဆက်တစ်စပ် တည်းပင်ဖြစ်ရာ လက်ရှိအခြေအနေတွင် ဓာတ်အားချွေတာသုံးစွဲရေးနှင့် ရေရှည်တွင် ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးတို့အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရေး တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
