Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ပဲခူးတိုင်းဒေသကြီး၌ ဖွင့်လှစ်သည့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းထောက်ပံ့ကြေးများ ပေးအပ်

နေပြည်တော် ဇူလိုင် ၂၂

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းသူဦးရေ နှစ်သိန်းခွဲနီးပါးရှိပြီး ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းသူဦးရေ ရှစ်ထောင့်ခြောက်ရာကျော်ရှိကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာအသိုင်းအဝိုင်းတွင်ရှိသည့် မသန်စွမ်းသူများအတွက် အများတန်းတူအခွင့်အရေးနှင့် ခံစားခွင့်များ အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။

ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမတွင် ကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်းဖွင့်ပွဲ၌ ဒုတိယဝန်ကြီးက ယင်းသို့ပြောကြားခြင်းဖြစ်ပြီး ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းအဆင့်ဆင့်နှင့် မသန်စွမ်းမှုစိစစ်ရန်အတွက် ပြုစုထားရှိသည့်အသက်အရွယ်အလိုက် မေးခွန်းလွှာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးမြို့ အမှတ် (၁) မူလတန်းကြိုကျောင်းသို့သွားရောက်၍ ကလေးသူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်သင်ကြားပျိုးထောင်မှုများကို ကြည့်ရှုစစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ ၅၂၇ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် တစ်ရာငါးဆယ့်ရှစ်သိန်းတစ်သောင်းတိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်