နေပြည်တော် မတ် ၇
၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတကာမှ ကင်ဆာပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆေးပညာရှင်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်ပွဲအခမ်းအနားကို ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်အောင်စန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမျိုးသားကင်ဆာကုသရေးဗဟို ဌာန ၅ ထပ် ကုသဆောင်သစ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရှစ်ထပ်ကုသဆောင်သစ်သို့ ရောက်ရှိကြပြီး ကုသဆောင်သစ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကုသဆောင်အတွင်းရှိ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသမှု စက်ခန်းများအား လိုက်လံကြည့်ရှုပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စက်ခန်းအလိုက် ကုသရေးပါရဂူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မှတ်တိုင်သစ်တစ်ခုစိုက်ထူ
ထို့နောက် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်ပွဲ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ရှစ်ထပ်ကုသဆောင်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့တွင် နိုင်ငံတော်ရန်ပုံငွေနှင့် တည်ဆောက်ခဲ့သည့် အမျိုးသားကင်ဆာကုသရေး ဗဟိုဌာနကို ဖွင့်လှစ်နိုင်ပြီဖြစ်ခြင်းကြောင့် နိုင်ငံတော်၏ကျန်းမာရေးကဏ္ဍအတွက် မင်္ဂလာရှိသည့်နေ့၊ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်သည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖွင့်လှစ်နိုင်ခြင်းကြောင့်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြားလိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ယူသည့် ကာလတစ်လျှောက်လုံး နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်များ ခိုင်မာလာစေရန် ဦးတည်ချက်များ ချမှတ်ဖော်ဆောင်လျက်ရှိရာတွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကိုထည့်သွင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
လူ့ဘဝတွင် “ကျန်းမာမှ ပညာသင်နိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်” ဖြစ်သည့်အတွက် ကျန်းမာရေးသည် ဘဝရှင်သန်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်ပင်ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာသန်စွမ်းရှိကြမှသာ နိုင်ငံတော်၏ထုတ်လုပ်မှုစွမ်းအား၊ လူမှုတည်ငြိမ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ၏ တိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူများ သက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
စိန်ခေါ်မှုများဖြတ်သန်းနိုင်ခဲ့
မိမိတို့ တာဝန်ယူခဲ့သည့် (၅)နှစ်တာကာလအတွင်း ကျန်းမာရေးကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ပထမတစ်နှစ် အတွင်းတွင် တစ်ကမ္ဘာလုံးရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကို “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒဖြင့် အစိုးရ၊ ဝန်ထမ်းများနှင့် ပြည်သူများစုပေါင်းအားဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြကြောင်း၊ ထို့အပြင် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ် မန္တလေးငလျင်စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တက်ညီလက်ညီဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း အခက်အခဲများကြားက အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ဆက်တွဲကျန်းမာရေး ပြဿနာများဖြစ်ပွားခြင်းမရှိခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
ကျန်းမာရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမှုအနေဖြင့်လည်း (၅)နှစ်အတွင်း ပြည်သူ့ဆေးရုံပေါင်း ၂၅ ရုံကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိစေရန်၊ တန်းတူညီမျှရရှိစေရန်အတွက် ကျေးလက်ဒေသများတွင် (၁၆) ခုတင်ဆံ့ ဆေးရုံ ၁၂ ရုံကို အသစ်တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ဆေးရုံများတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးမြင့် အဆောက်အအုံကောင်းများကို တည်ဆောက်ပေးခဲ့ရာတွင် (၅)နှစ်အတွင်း ဆေးရုံအဆောက်အအုံသစ် ၄၁ ခုနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း။
ကျန်းမာရေးကဏ္ဍ အဆင့် မြှင့်တင်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sustainable Development Goals - SDG) ၏ ပန်းတိုင်(၃)ဖြစ်သည့် ကျွမ်းကျင်သောကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆိုသည့်ပန်းတိုင်ကို ပြည့်မီစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ “ဆေးရုံရှိ လျှင် ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒချမှတ်ပြီး (၅)နှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် ၂၆၄၉ ဦးအပါအဝင် သွားနှင့်ခံတွင်း ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကိုလည်း ခန့်အပ်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ပြည်တွင်းပြည်ပ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း။
ကမ္ဘာပေါ်တွင် မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားနှုန်းသိသိ သာသာမြင့်မားလာနေပြီး အဆိုပါရောဂါများထဲတွင် ကင်ဆာရောဂါသည် ကျန်းမာရေးကဏ္ဍအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ကင်ဆာလူနာသစ် သန်း ၂၀ ခန့်ရှိပြီး ထိုအထဲမှ ၉ ဒသမ ၆ သန်းခန့် သေဆုံးခဲ့သည်ဟုသိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အသက် (၇၅)နှစ်မတိုင်မီ ကင်ဆာဖြစ်ပွားနိုင်ခြေ ၁၃ ဒသမ ၉ ရာခိုင် နှုန်းရှိနိုင်သည်ဟု ခန့်မှန်းထား သည့်အတွက် ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အရေးကြီးလာကြောင်း၊ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းလျှော့ချရန်နှင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာသိရှိကုသမှု ခံယူနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် “ကင်ဆာရောဂါထိန်းချုပ်ရေး အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)” ကို ရေးဆွဲပြီး ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း။
စက်သစ်များဖြင့်ကုသပေးနေ
ကင်ဆာရောဂါ ကုသမှုတွင် ဆေးသွင်းကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် ဓာတ်ရောင်ခြည်နှင့်ကုသခြင်း စသည့် ကုထုံးအမျိုးမျိုးရှိကြောင်း၊ ဓာတ်ရောင်ခြည်နှင့် ကုသခြင်းသည် ရောဂါကိုပျောက်ကင်းစေခြင်းနှင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းတို့အတွက် အလွန်အရေးပါသည့် ကုသမှုတစ်ခုဖြစ်ကြောင်း၊ ကင်ဆာလူနာများ ဓာတ်ရောင်ခြည်နှင့် ကုသခံရန်စောင့်ဆိုင်းရသည့် အချိန်ကိုလျှော့ချနိုင်ရန်အတွက် ဓာတ်ရောင်ခြည်ကုသစက်များ ဝယ်ယူတပ်ဆင်ရေး လိုအပ်သည့်ရန်ပုံငွေကို အထူးဦးစားပေး ခွင့်ပြုပေးခဲ့ကြောင်း၊ ထို့ကြောင့် ယခုမြန်မာနိုင်ငံတွင် ဓာတ်ရောင်ခြည် ကုသစက်စုစုပေါင်း ၂၆ လုံး၊ Brachytherapy ဓာတ်အပ်စိုက် ကိရိယာကိုးလုံးအထိ တိုးတက်တပ်ဆင်အသုံးပြုပြီး ကုသပေးနေပြီဖြစ်ကြောင်း။
၂၀၂၁ ခုနှစ် နောက်ပိုင်းရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ရှိသည့် ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်ကုသ စက်အသစ်ခုနစ်လုံး တပ်ဆင်ပေးနိုင်ခဲ့သဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ဆေးရုံကြီးများနှင့် ဌာနများတွင် ဓာတ်ရောင်ခြည်စင်တာငါးခု၊ ဓာတ်ရောင်ခြည်ကုသစက် ၁၅ လုံး၊ ဓာတ်အပ်စိုက်ကိရိယာလေးလုံးရှိနေပြီဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်ဆေးရုံများတွင် ဓာတ်ရောင်ခြည်စင်တာလေးခု၊ ဓာတ်ရောင်ခြည်ကုသစက်လေးလုံး၊ ဓာတ်အပ်စိုက်ကိရိယာ တစ်လုံးနှင့် ကုသမှုပေးနိုင်နေပြီဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင်လည်း အဆင့်မြင့်ဓာတ်ရောင်ခြည်ကုသ စက်ကြီးများနှင့် ကုသခွင့်ကိုခွင့်ပြုပေးထားသဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ဓာတ်ရောင်ခြည်စင်တာငါးခု၊ ဓာတ်ရောင်ခြည် ကုသစက်ခုနစ်လုံး၊ ဓာတ်အပ်စိုက်ကိရိယာလေးလုံး တပ်ဆင်အသုံးပြုလျက်ရှိသည်ကို သိရှိရကြောင်း။
ယနေ့ဖွင့်လှစ်သည့် အမျိုးသားကင်ဆာကုသရေးဗဟိုဌာနကို ကင်ဆာဝေဒနာရှင်များအတွက် တစ်နေရာတည်းတွင် ပြည့်စုံသည့် ကုသမှုစင်တာ (One - stop Comprehensive Care Center)အဖြစ် ဆေးကုသမှုများပေးနိုင်ရန်နှင့် သုတေသနလုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငါးထပ်ကုသဆောင်၊ ရှစ်ထပ်ကုသဆောင်များနှင့် ဓာတ်ရောင်ခြည်စက်ခန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် ၃၄ ဘီလီယံကျော်၊ ဝန်ထမ်းအိမ်ရာများအတွက် ငွေကျပ် ၁၂ ဘီလီယံကျော်နှင့် ဓာတ်ရောင်ခြည်ကုသစက်အသစ်သုံးလုံးအတွက် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၃၀ ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း၊ ယခုနှစ်တွင် အလှူရှင်များ လှူဒါန်းသည့် စက်တစ်လုံးသည်လည်း ငွေကျပ် ၁၉ ဘီလီယံတန်ဖိုးရှိကြောင်း သိရှိရပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
ကြည့်ရှုကုသမှုပေးနိုင်
ဓာတ်ရောင်ခြည် ကုသမှုခံယူမည့် လူနာများအတွက် ဓာတ်ရောင်ခြည်စက်များ ထားရှိမည့်စက်ခန်းများကို ကြိုတင်ပြီး ဦးစားပေးဆောက်လုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဗဟိုဌာနကြီး ယခုကဲ့သို့ မပြီးစီးမီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကတည်းက ဓာတ်ရောင်ခြည်ကုသစက်နှစ်လုံးနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် နောက်ထပ်ဓာတ်ရောင်ခြည်ကုသစက်တစ်လုံး တပ်ဆင်အသုံးပြုပြီး ကြိုတင်ကုသပေးနိုင်ခဲ့ကြောင်း၊ လူနာပေါင်း ၁၆၀၁ ဦးကို ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသမှုအကြိမ်ပေါင်း ၅၀၀၀၀ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာများစောင့်ဆိုင်းကာလကို သိသာစွာလျှော့ချပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးသည့် ၂၀၂၅ ခုနှစ် ဇူလိုင်လမှစပြီး အတွင်းလူနာများကိုပါ လက်ခံကုသပေးနိုင်ခဲ့ခြင်းကြောင့် အတွင်းလူနာ ၂၈၅ ဦးနှင့် ပြင်ပလူနာ ၃၈၀၅ဦးကို ကြည့်ရှုကုသမှုပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း။
ယခုကဲ့သို့ အခြေခံအဆောက်အအုံများ ပြည့်စုံလာသည်နှင့်အတူ ကင်ဆာရောဂါဆိုင်ရာ ဆေးကုသမှုအရည်အသွေး ပိုမိုမြင့်မားစေရန်အတွက် စံညွှန်းကုထုံးများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ စက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်မည့် အဏုမြူရောင်ခြည်ဆိုင်ရာ ပညာရှင်များနှင့် အထူးကုဆရာဝန်ကြီးများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးကြရန်လည်း မှာကြားလိုကြောင်း၊ အမျိုးသားကင်ဆာရောဂါမှတ်တမ်းစနစ် (National Cancer Registry) ကို တည်ဆောက်ရန် နိုင်ငံတကာနှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေး
အထူးမှာကြားလိုသည်မှာ ရှိနေသည့်စက်ပစ္စည်းများ မည်မျှပင်ခေတ်မီကောင်းမွန်နေပါစေ ကိုင်တွယ်အသုံးပြုသည့် လူသားအရင်းအမြစ်များ၏ ကျွမ်းကျင်မှုနှင့် စေတနာသည်သာလျှင် ကုသမှုအောင်မြင်ရန်အတွက် အရေးကြီးဆုံးအကြောင်းအရာဖြစ်ကြောင်း၊ ကင်ဆာဝေဒနာရှင်များသည် မိမိတို့ခံစားနေရသည့် ဝေဒနာနှင့်ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ရရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများတွင် ရှိပြီးဖြစ်သည့် “စေတနာ၊ ဝါသနာ၊ အနစ်နာ” ဆိုသည့် နာသုံးနာကို အရင်းခံပြီး လူနာများအပေါ် မိသားစုစိတ်ဓာတ်ဖြင့် မေတ္တာထားပြီး နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေးကြရန် အလေးအနက်မှာကြား လိုကြောင်း၊ ပြည်သူလူထုအားကိုး ယုံကြည်ရသည့် ဌာနကြီးဖြစ်အောင် အားလုံးကဝိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းပေးကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။
ရောဂါဖြစ်မှကုသခြင်းထက် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့်အတိုင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများရှိစေရန်၊ အရက်နှင့်ဆေးလိပ်သုံးစွဲမှု လျှော့ချရန်၊ သားအိမ်ခေါင်းကင်ဆာနှင့် အသည်းရောင်အသားဝါ (ဘီ)ရောဂါကာကွယ်ဆေးများ ထိုးနှံကြရန်နှင့် ရောဂါကို အစောဆုံးရှာဖွေဖော်ထုတ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့်ချိတ်ဆက်ပြီး ကင်ဆာရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရေး ယခုကဲ့သို့ ခေတ်မီအဆောက်အအုံများ အောင်မြင်စွာတည်ဆောက် ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တာဝန်ရှိသူအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊ အမျိုးသားကင်ဆာကုသရေး ဗဟိုဌာနသည် နှစ်ပေါင်းများစွာ ရေရှည်အသုံးပြုနိုင်မည့်ဌာနတစ်ခုဖြစ်ပြီး ပြည်သူများအတွက် အကျိုးရှိမည့် ဌာနကြီးဖြစ်ခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်းနှင့် အားလုံးကိုယ်စိတ် ကျန်းမာစွာဖြင့် ပြည်သူများ၏ အကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်း Video ကို ကြည့်ရှုသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
အလှူငွေများပေးအပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် မိသားစုက အမျိုးသားကင်ဆာကုသရေးဗဟိုဌာနအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC)အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်လှစ်နိုင်ခဲ့မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
