နေပြည်တော် ဖေဖော်ဝါရီ ၂၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးနှင့် အဖွဲ့တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဆောင်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းမီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် မီးသတ်တပ်ဖွဲ့က နိုင်ငံတော်အလံကို စုပေါင်းအလေးပြုကြပြီး နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို ရွတ်ဆိုကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက “မီးဘေးရှောင် မလောင်ခင်တား” ဆိုသည့် ဆောင်ပုဒ်အတိုင်း မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်များရေးဆွဲ၍ စနစ်တကျ သရုပ်ပြလေ့ကျင့်ထားရန် လိုအပ်ပါကြောင်း၊ မီးလောင်မှုသည် အခြေအနေအမျိုးမျိုးတွင် ဖြစ်ပေါ်တတ်သဖြင့် မီးနှင့်ပတ်သက်၍ မပေါ့ဆကြရန်နှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများတွင်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းမီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများကို ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းသည်။
ယင်းနောက် မီးငြှိမ်းသတ်မှုသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ဒုတိယဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက ကြည့်ရှုအားပေးကြပြီး လက်တွေ့ပါဝင်စမ်းသပ် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
