နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည် တာ၀န်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများ၌ စာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ ဒေါတမရပ်ကွက်ရှိ ဒေါတမစာသင်ဝိုင်း၌ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးပြီး ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ကယားပြည်နယ်အနေဖြင့် ပထမဦးဆုံးစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး အခြေခံစာတတ်မြောက်ရေး၏ စာသင်ရက် ၄၀ အတွင်း စာသင်သားများ ပျက်ကွက်မှုမရှိစေဘဲ စာသင်ဝိုင်းများသို့ နေ့စဉ်လာရောက်သင်ယူရန် လိုအပ်သလို နည်းပြနှင့် ကြီးကြပ်များအနေဖြင့် စာသင်သားများသင်ယူနိုင်မည့် အချိန်အပေါ်မူတည်၍ ညှိနှိုင်းဆောင်ရွက်ပေးရန်အရေးကြီးကြောင်း၊ စာသင်သားများအနေဖြင့် အခြေခံစာတတ်မြောက်ရေး သင်ကြားသင်ယူမှုပြီးမြောက်ပါက စဉ်ဆက်ပညာရေးအစီအစဉ်များတွင် ဆက်လက်တက်ရောက်သင်ယူရန်လိုအပ်ကြောင်း မှာကြားကာ စာသင်သားပြည်သူများအား ဝတ်စုံ၊ ဗလာစာအုပ်နှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လောဓမ္မစာသင်ဝိုင်း၊ နမ့်ဘော်ဝမ် (ခါး) စာသင်ဝိုင်းများသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားသင်ယူနေမှုကို ကြည့်ရှုအားပေးပြီး စာသင်သားပြည်သူများအား ဝတ်စုံ၊ ဗလာစာအုပ်နှင့် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်သည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ ၏ပူးပေါင်းမှုဖြင့် နည်းပညာဆိုင်ရာနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စုရပ်ပေါင်း ၁၅ နေရာ၊ စာသင်ဝိုင်း ၁၈ နေရာတို့၌ သင်တန်းသား သင်တန်းသူ ၂၀၈ ဦးတို့ကို ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၁၃ ရက်အထိ တစ်ရက်လျှင်ပျမ်းမျှသုံးနာရီနှုန်းဖြင့် သင်ကြားချိန်နာရီပေါင်း ၁၂၀ သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
