နေပြည်တော် နိုဝင်ဘာ ၁၉
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား ၁၃၈ ဦးအား တိုကျိုမြို့ရှိ မြန်မာ သံရုံးမှ စီစဉ်သည့် (၁၃) ကြိမ်မြောက် All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
ထို့ပြင် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ ပင်လယ် ကူးသင်္ဘောသားများ အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတ နိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁၀ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အင်္ဂလန် မှ ခြောက်ဦး၊ ဂျာမနီမှ ခြောက်ဦး၊ ပြင်သစ်မှ ခုနစ်ဦး၊ ဖိလစ်ပိုင်မှ သုံးဦး၊ တူရကီမှ ၁၇ ဦး၊ နယ်သာလန်မှ ခြောက်ဦး၊ အင်ဒိုနီးရှားမှ ရှစ်ဦး၊ အာရပ် စော်ဘွားများ ပြည်ထောင်စုမှ ရှစ်ဦး၊ တရုတ် (တိုင်ပေ)မှ တစ်ဦး၊ စင်ကာပူမှ ခြောက်ဦး၊ ဂျပန်မှ နှစ်ဦး၊ အမေရိကန် ပြည်ထောင်စုမှ နှစ်ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ ၆၄ ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၆ ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွား အလာ ကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့ အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်