Skip to main content

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ ပဉ္ဓမအကြိမ်မြောက် အစည်းအဝေးကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၈

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏    ပဉ္ဓမအကြိမ်မြောက်  အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်   မွန်းလွဲ ၂ နာရီက    ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့  ဦးဆောင်၍ Virtual Meeting ဖြင့် ပြုလုပ်သည်။

အစည်းအဝေးတွင် ပူးတွဲကော်မတီဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်း က အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်အနေဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနအသီးသီး၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အခက်အခဲများကိုတင်ပြပြီး   လိုအပ် သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊  ဌာနများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများအတွက်   နိုင်ငံတကာအဖွဲ့အစည်းများထံမှ   နည်းပညာနှင့် စွမ်းဆောင်ရည် ကောင်းမွန်စေရေးဆိုင်ရာ အကူအညီ များ တောင်းခံသွားရန်နှင့်   Category C အောက်ရှိ   Article များနှင့်ပတ်သက်၍ Indicative Timeline များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မတိုင်မီ WTO သို့ Notify ပြုလုပ်နိုင်ရေးအတွက် လိုအပ်သော ကြိုတင်ညှိနှိုင်းမှုများ ပြင်ဆင်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ Category C အောက်ရှိ Article များအတွက် TACB (Technical Assistance and Capacity Building) နည်းပညာ အကူအညီနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဝင်ဌာနများ အနေဖြင့် လိုအပ်သော အကူအညီများ ပြုစုပေးပို့ပြီး ဖြစ်သည့်အတွက် Donors ရှာရန်အတွက် အတွင်းရေးမှူးရုံးမှ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌ၊   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က OECD ၏ COVID- 19 Policy Response အကြံပြုချက် သုံးရပ်ဖြစ်သည့် လုပ်ရိုးလုပ်စဉ်များအား ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် အလွယ်တကူ သိရှိစေရေး၊ ကိုဗစ်ရောဂါ ထိန်းချုပ်မှုအတွက် ထားရှိသည့် Standard Formality များ မြန်ဆန်စွာ ဆောင်ရွက်ရေးနှင့် ဒစ်ဂျစ်တယ်အသုံးပြုသည့် လုပ်ငန်းစဉ်များ  ပြောင်းလဲဆောင်ရွက်သွားရေး အကြံပြုချက်များနှင့် အညီ   ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး   လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားရန် တိုက်တွန်းထားကြောင်း၊ အနာဂတ်တွင်  ဒစ်ဂျစ်တယ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ပြတင်းတစ်ပေါက်စနစ်ကို ဝိုင်းဝန်းအကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် MACCS၊ TradeNet 2.0 အစရှိသည့် စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက်  များမကြာမီကာလအတွင်း   ပိုမိုမြန်ဆန်သည့် လုပ်ငန်းစဉ်များကို    ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်းနှင့်   လုပ်ငန်း အစီအမံများကို  ဦးစားပေးအလိုက် သတ်မှတ်ကာလများအလိုက်    စတင်အကောင်အထည် ဖော်ရန်နှင့်   Collective   Approach ဖြင့် စုစုစည်းစည်း ဆောင်ရွက်ရန် ပြောကြားသည်။

ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး   ကော်မတီအတွင်းရေးမှူး၊   ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက စတုတ္ထအကြိမ်မြောက် ကော်မတီ၏အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးခဲ့မှု   အခြေအနေများ၊ ဆောင်ရွက်ဆဲ  အခြေအနေများအား တင်ပြဆွေးနွေးသည်။

ဆက်လက်၍   ကုန်သွယ်ရေးဦးစီးဌာနမှ   ညွှန်ကြား ရေးမှူးချုပ်   ဦးမင်းမင်းက   TradeNet 2.0 စနစ်   လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ရရှိသည့် အကျိုးရလဒ်များအား    တင်ပြဆွေးနွေးသည်။

ထို့နောက်    အကောက်ခွန်ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်    ဦးကျော်ထင် က အကောက်ခွန်ဦးစီးဌာနအနေဖြင့် Trade Facilitation သည် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည့်အတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာ   အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   ကျင့်သုံးဆောင်ရွက်နေမှု၊  MACCS  စနစ်ဖြင့် လုပ်ငန်းဆောင်ရွက် နေမှု     အခြေအနေများအား      တင်ပြ ဆွေးနွေးသည်။

ယင်းနောက် အမျိုးသားအဆင့်  ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး  ကော်မတီအောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့ (၅)ခုဖြစ်သည့် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာရှိမှု ဆိုင်ရာလုပ်ငန်းများ အကောင်အထည် ဖော်ရေးအဖွဲ့၊ ပြတင်း တစ်ပေါက်စနစ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊   ဆုံးရှုံးနိုင်ခြေ  စီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာ   လုပ်ငန်းများ   အကောင်အထည် ဖော်ရေးအဖွဲ့၊ Individual Agency Programme ဆိုင်ရာ လုပ်ငန်းများ        အကောင်အထည်ဖော်ရေးအဖွဲ့များ၏ လုပ်ငန်းအဖွဲ့အတွင်းရေးမှူးများက    လုပ်ငန်း အဖွဲ့များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးကြပြီး  ကုန်သွယ်ရေး ဦးစီးဌာန    ညွှန်ကြားရေးမှူး    ဒေါ်ဝင်းမင်းဖြိုး က အာဆီယံ ဒေသတွင်း ကုန်သွယ်မှု   လွယ်ကူချောမွေ့ စေရေးဆိုင်ရာ ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသောဌာန၊   အဖွဲ့အစည်းများမှ   အကြီးအကဲများက ဌာနများ အလိုက်   ကုန်သွယ်မှု   လွယ်ကူချောမွေ့စေရေးအတွက်      လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပူးတွဲကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က နိဂုံးချုပ်ပြောကြားရာတွင်  WTO TFA  Measures များကို သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော်နိုင်ခြင်း အားဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး အကျိုးဖြစ်ထွန်းမှုအနေဖြင့်   အချိန်ကုန်သက်သာ   ကုန်ကျစရိတ် လည်းသက်သာ ပြီး  ကုန်သွယ်မှုကဏ္ဍတိုးတက်စေရေးကို များစွာ အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ TFA Measures များကို မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ခြင်း ဖြင့် နိုင်ငံတော်က   တွန်းအားပေးရသည့်    Ease of Doing Business အပိုင်းကိုလည်း အထောက် အကူပြုနိုင်မည် ဖြစ်ပြီး နိုင်ငံတော်အတွင်းသို့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးလာနိုင်မည် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုများဆောင်ရွက်ရာတွင် အလိုအလျောက်စနစ်ဖြင့်  ဆောင်ရွက်နိုင်ရေးကို မျှော်မှန်းပြီး စာရွက်စာတမ်းများ အသုံးပြုသည့် လုပ်ငန်းစဉ်များကို  လျှော့ချနိုင်ရန်အတွက်    Single Window စနစ်ကို    အမြန်ဆုံး  အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်