Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ သင်တန်းကျောင်းများ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မပြန့်ပွားစေရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်  နိုဝင်ဘာ  ၁၈

လူမှုဝန်ထမ်းဦးစီးဌာန သင်တန်းကျောင်း/ ဌာနငယ်များတွင် စောင့်ရှောက်ထားရှိသော ကလေးများ၊ အမျိုးသမီးများ၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်း၊ ဌာနငယ် ကျောင်းအုပ်များနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ‌ ဒေါက်တာဝင်းမြတ်အေးက   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါ၏ ပထမလှိုင်းဖြစ်ပွားစဉ်ကတည်းက သင်တန်းကျောင်း/ ဌာနငယ်များတွင် ကြိုတင်ကာကွယ်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ထမ်းများ၊ သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို စံလုပ်ငန်းလမ်းညွှန်များဖြင့် စနစ်တကျ လိုက်နာနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ကလေးများဖျားနာခြင်း၊ နေမကောင်းဖြစ်ခြင်းများကြောင့်  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝန်ထမ်း  ၁၁  ဦးနှင့် ကလေး ၂၉  ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး  တွေ့ရှိခဲ့ပါကြောင်း၊ ကျန်ရှိ ဝန်ထမ်းများနှင့်  ကလေးများအားလုံးကိုလည်း စစ်ဆေးလျက် ရှိပါကြောင်း၊ ရောဂါပိုးတွေ့ ကလေးများနှင့် ဝန်ထမ်းများကို သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊  ထပ်မံ၍ ကူးစက်မှုများမဖြစ်ပွားစေရန် ကလေးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များကို ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်များနှင့်  စည်းကမ်းချက်များကို  တိကျစွာ  လိုက်နာစေရေး၊   ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေ ရေးနှင့် အာဟာရများ ပြည့်ဝစွာရရှိစေရေးတို့ကို ယခုထက်ပို၍ ပံ့ပိုးပေးရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၊ မိသားစုများနှင့် ကလေးများ၏ စိတ်ဓာတ်ခွန်အားရရှိစေရေးအတွက်လည်း အားပေးနှစ်သိမ့်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

အထူးကြပ်မတ်ဆောင်ရွက်ရန်လို

ကျန်တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သင်တန်းကျောင်း/  ဌာနငယ်များတွင်လည်း   ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ   မဖြစ်ပေါ်စေရေး အတွက်  အထူးကြပ်မတ်ဆောင်ရွက်ရန်  လိုပါကြောင်း၊   ကျန်းမာရေးအသိပညာပေးမှုများကို   စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊  ယခုကာလအတွင်း  သင်တန်းကျောင်း/ဌာနငယ်များတွင် သတ်မှတ်ထားသော အသွားအလာကန့်သတ်မှုများကို  လိုက်နာကြစေရန် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို နားလည်သဘောပေါက်အောင်  ရှင်းပြရမည်   ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများတွင် ဝန်ထမ်းများ၊ ကလေးများ အစုအဝေးဖြင့် နေထိုင်ရသည့်အတွက်  အထူးဂရုပြုရမည့် အခြေအနေ ဖြစ်ပါကြောင်း၊ ကျောင်းများတွင် မဖြစ်မနေ အပြင်ထွက်ရပါက  အကာအကွယ် ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ မျက်နှာအကာနှင့် လက်အိတ်များကို မဖြစ်မနေ အသုံးပြုရ မည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း အာဟာရပြည့်ဝစေမည့် ဖြည့်စွက်စာများကို ထပ်မံ၍ ကျွေးမွေးရန်လိုအပ်ကြောင်း၊ အခက်အခဲများရှိပါက  အချိန်နှင့်တစ်ပြေးညီ  သတင်းပို့ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး အနေဖြင့် လိုအပ်ချက်များကို အချိန်မဆိုင်းဘဲ ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း  ဆွေးနွေးပြောကြားသည်။

ညှိနှိုင်းဆွေးနွေး

ယင်းနောက် သက်ဆိုင်ရာ တိုင်း‌‌ဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ ကျောင်းအုပ်များ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်နှင့် လူမှုဝန်ထမ်းဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                           

သတင်းစဉ်