Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ဘွဲ့အပ်နှင်း

နေပြည်တော် ဖေဖော်ဝါရီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့အပ်နှင်းခြင်း၊ အထူးဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် ဗိုလ်ချုပ်မှူးကြီး အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားတဲ့ နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ Doctor of Science ဘွဲ့ရရှိထားသည့် တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဘွဲနှင်းသဘင်ခန်းမအတွင်းနေရာယူပြီး သဟာယအဖွဲ့က ဘွဲ့နှင်းသဘင်အတွင်း ဝင်ရောက်နေရာယူကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ထက်၌ နေရာယူပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်က အထူးဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပကြောင်း ကြေညာပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စွမ်းဆောင်ရည်များအား ဖတ်ကြားတင်ပြသည်။

ထိုသို့ဖတ်ကြားတင်ပြရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အထူးဘွဲ့နှင်းသဘင်အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းရခြင်းမှာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များကြောင့် ဖြစ်ပါကြောင်း၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်တိုင်းတွင် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖိအားပေးမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ၊ နိုင်ငံတကာအသိုက်အဝန်းများနှင့် လိုက်လျောညီထွေရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှုများ စသည့်စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စိန်ခေါ်မှုများအကြားမှ ပြည်သူများ အထူးလိုလားတောင့်တမျှော်လင့်လျက်ရှိသည့် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် နိုင်ငံတော်အကြီးအကဲ၏ ဆောင်ရွက်ချက်သမိုင်းမှတ်တိုင်တစ်ခုပင် ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ပေးထားပြီး အစိုးရ၊ တပ်မတော်နှင့် ပြည်သူပူးပေါင်းကာ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်ရေးရာကိစ္စရပ်များတွင်လည်း ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့ကြောင်း၊

အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများအကြားမှ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပြီး သံတမန်ဆက်ဆံရေးနည်းလမ်းများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း။

နိုင်ငံ့စီးပွားပြန်လည်ဦးမော့လာစေရေးအတွက်လည်း နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများကို ကြံ့ကြံ့ခံပြီး သွင်းကုန်အစားထိုးပစ္စည်းများ ပိုမိုထုတ်လုပ်ရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး၊ နိုင်ငံတွင်းစားရေရိက္ခာဖူလုံစေရေးတို့အတွက် စီးပွားရေးမူဝါဒများ အစဉ်တစိုက်ချမှတ်လုပ်ဆောင်ရန် ဦးဆောင်လမ်းညွှန်မှုပြုပေးသူများသည် ပြည်သူများ၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ပေးလိုသည့် နိုင်ငံတော်အကြီးအကဲ၏ မေတ္တာစေတနာပင်ဖြစ်ကြောင်း၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးသည် အဓိကကျသည့် ကဏ္ဍတစ်ခုဖြစ်သဖြင့် ကိုဗစ် - ၁၉ ရောဂါအလွန်ကာလတွင် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူပညာရည်မြှင့်တင်မှုလုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက်ဆောင်ရွက်ပေးခဲ့ပြီး Napyitaw State Academy နှင့် Napyitaw Polytechnic University များဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း Polytechnic University များဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဦးဆောင်လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာစေရေးအတွက်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်၊ ထူးချွန်အားကစားလူငယ်များ မွေးထုတ်ပေးနိုင်ရန်အတွက်လည်း နိုင်ငံဂုဏ်ဆောင်အားကစားလူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ” ဆိုသည့်မူဝါဒကိုချမှတ်ပြီး ပြည်သူများ၏ မျှော်မှန်းသက်တမ်းများ မြင့်မားလာစေရန်နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လမ်းညွှန်ချမှတ်ပေးပြီး ခေတ်မီဆေးပညာရပ်များကို လေ့လာနိုင်စေရန်အတွက်လည်း ဘဏ္ဍငွေများကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ အလားတူ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ မြန်မာ့မီးရထားပို့ဆောင်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက်လည်း လမ်းညွှန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍လည်း နိုင်ငံတော်အကြီးအကဲ၏ ထူးခြားသည့် သာသနာ့မှတ်တိုင်မှာ နေပြည်တော်ကောင်စီနယ်မြေတွင် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ခဲ့ကြောင်း။

လုံခြုံရေးနှင့်ကာကွယ်ရေးအတွက်လည်း ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက်လည်း ခေတ်မီကာကွယ်ရေးနည်းပညာများကို စမ်းသပ်တီထွင်ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍လည်း မိုခါမုန်တိုင်းဒဏ်၊ ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသမျာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ မန္တလေးငလျင်ကြီး အလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အလျင်အမြန်ဆောင်ရွက်စေရေး တွန်းအားပေးစီမံညွှန်ကြားခဲ့ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်သည့် ပျက်စီးခဲ့သည့် အခြေခံကျောင်းများနှင့် တက္ကသိုလ်များကိုလည်း ဦးစားပေးအနေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မန္တလေးတက္ကသိုလ်နှစ် ၁၀၀ ပြည့်အတွက် မန္တလေးတက္ကသိုလ်ပင်မဆောင်ကို ယခင်မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့ပါကြောင်း။

ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးကို အဓိကခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းငွေကြေးလိမ်လည်မှူများကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဘက်စုံကဏ္ဍစုံမှ ထူးခြားပြောင်မြောက်စွာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ထို့သို့ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးကဲသောဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa) ကိုချီးမြှင့်အပ်နှင်းခွင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian Presidential Academy of National Economy and Public Administration, St. Petersburg မှ Director/ Principal ဖြစ်သူ Prof. Andrey Dragomirovich KHLUTKOV နှင့် Altai State Pedagogical University ၏ First Vice-Rector ဖြစ်သူ Prof. Kaigorodov Evgeny Vikorovich ၊ ထိုင်းနိုင်ငံ  Mahido University မှ Vice-President ဖြစ်သူ Dr. Thatchaveeleelawat နှင့် ဗီယက်နမ်နိုင်ငံ  Ho Chi Minh City University of technology မှ Vice-President ဖြစ်သူ Dr. Ly Thein Trang တို့က ဂုဏ်ပြုစကားများ အသီးသီးပြောကြားကြသည်။

ထိုသို့ပြောကြားရာတွင် ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယနေ့ခေတ် ကမ္ဘာ့အခြေအနေတွင် ခိုင်မာသောအုပ်ချုပ်ရေးပညာရပ်၏ အထူးအရေးပါမှုကို သိသာထင်ရှားစေသည့် အဓိပ္ပါယ်သက်ရောက်မှုကြီးမားသော အခမ်းအနားဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် ပြည်သူအပေါ်သစ္စာရှိစွာဖြင့် အမှုထမ်းရွက်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂုဏ်ပြုသည့် အခမ်းအနားပင်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုများ၊ အပြန်အလှန်နားလည်မှုများ အားကောင်းခိုင်မာလာစေရန် ဆောင်ရွက်ပေးနေသူ နိုင်ငံတော်အကြီးအကဲကို လူကိုယ်တိုင်တွေ့ဆုံဂါရဝပြုခွင့်ရရှိသည့်အတွက် မိမိတို့အနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များအပေါ်တွင် နက်နက်ရှိုင်းရှိုင်းသိမြင်နားလည်မှုများ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုများ၊ ပညာရှင်ပီသမှုများသည် စံနမူနာယူစရာပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူ့အဖွဲ့အစည်းအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ယခုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ အတွေ့အကြုံနှင့် အသိပညာသည် အနာဂတ်ကို ပုံဖော်ပေးည့် လူငယ်ခေါင်းဆောင်များ၊ လူငယ်သိပ္ပံ ပညာရှင်များ၏ ပညာရေးအတွက် အခြေခံကောင်းချမှတ်ပေးနိုင်မည်ဟုမိမိတို့ အနေဖြင့် ယုံကြည်ပါကြောင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ (D.P.A.) အပ်နှင်းခြင်းကို ဂုဏ်ပြုရန်စုဝေးရောက်ရှိနေကြခြင်းဖြစ်ပြီး၊ ဒီဂုဏ်ထူးဆောင်ဘွဲ့ဟာ အကြီးအကဲရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ခေါင်းဆောင်မှုသမိုင်းမှတ်တိုင်ကို ထင်ဟပ်ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ အကြီးမားဆုံးအောင်မြင်မှုတစ်ခုမှာ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် စနစ်တကျကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အဆိုပါမှတ်တိုင်သည် တည်ငြိမ်အေးချမ်းမှုအတွက် ခိုင်မာသည့်အုတ်မြစ်ကို ချမှတ်ပေးခဲ့ပြီး နိုင်ငံတော်၏ အနာဂတ်အတွက်ချောမွေ့သည့် ကူးပြောင်းမှုဖြစ်စဉ်ကို အာမခံချက်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံသည် ထွန်းကားစည်ပင်နေပြီဖြစ်သည်ကို နိုင်ငံတကာအသိုက်အဝန်းအတွက် အထင်အရှား သက်သေပြသနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ယခု ၂၀၂၆ ခုနှစ်မှစ၍ နောင်လာနောက်သားမျိုးဆက်များတိုင်အောင် အင်အားတောင့်တင်းခိုင်မာပြီး သာယာဝပြောမှုများ တိုးပွားပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်းဖြင့် အသီးသီးပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ဘွဲ့အား အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှတ်တရမိန့်ခွန်းပြောကြားသည်။

၎င်းနောက် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်းကို မော်ကွန်းတိုက်တွင် ထိန်းသိမ်းရန် ရန်ကုန်တက္ကသိုလ်မော်ကွန်းထိန်းက ကြေညာသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဘွဲ့နှင်းသဘင်ရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ရန်ကုန်တက္ကသိုလ်မှ ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့သည့်ဘွဲ့များသည် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များဖြစ်ကြောင်း၊ ရဟန်းသံဃာများဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရတို့အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ကြောင်း၊ နိုင်ငံတကာခေါင်းဆောင်များဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်များ ဗဟိုစာကြည်တိုက်သို့သွား ရောက်၍စာကြည့်တိုက်အတွင်း ရှေးဟောင်းစာအုပ်စာစောင်များအား စနစ်တကျထိန်း သိမ်းထားရှိမှုနှင့် ပျက်စီးပျောက်ဆုံးမှုများမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို တာဝန်ရှိသူများကရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။